အသင်းဖျက်သိမ်းမှုများနှင့် စိုးရိမ်ဖွယ်ရာ မြန်မာ့ဘောလုံးအနာဂတ်

အသင်းဖျက်သိမ်းမှုများနှင့် စိုးရိမ်ဖွယ်ရာ မြန်မာ့ဘောလုံးအနာဂတ်
Published 26 December 2017

လစာကြွေးကျန်ပြဿနာများကြောင့် အသင်းဖျက်သိမ်းခဲ့ရသည့် နေပြည်တော်အသင်း

၂၀၁၆ ခုနှစ်ကတည်းက အသင်းဖျက်သိမ်းမှုများရှိခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် လိဂ်မှာ ၂၀၁၇ ခုနှစ်တွင်လည်း အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ကလပ်အသင်း လေးသင်းအထိ ဖျက်သိမ်းခဲ့သည်။

၂၀၁၇ ရာသီတွင် နေပြည်တော်၊ ချင်း ယူနိုက်တက်၊ သန်လျင်ယူနိုက်တက်နှင့် စီးတီး ရန်ကုန်အသင်းတို့ ဖျက်သိမ်းခဲ့ပြီး နေပြည်တော်၊ သန်လျင်ယူနိုက်တက်နှင့် ချင်းယူနိုက်တက်အသင်းတို့မှာ ငွေကြေးပိုင်း အခက်အခဲကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ နှစ်ရာသီအတွင်း ကလပ်အသင်းခြောက်သင်းအထိ ဖျက်သိမ်းခဲ့ခြင်းမှာ မြန်မာ့ဘောလုံးအတွက် ကောင်းမွန်သည့် လက္ခဏာမဟုတ်ဘဲ စိုးရိမ်ဖွယ်ရာဖြစ်လာပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရန် အခက်အခဲများ ရှိလာခဲ့သည်။ MNL တွင် အသင်းများ လျော့ကျခဲ့သောကြောင့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲမှ အသင်းများကို တန်းတင်ကာ ၂၀၁၈ ရာသီတွင် ၁၂ သင်းပြည့်အောင် စီစဉ်ထားသော်လည်း အောက်တန်းဖြစ်သည့် ပထမတန်းပြိုင်ပွဲမှာ အသင်းအရေအတွက် ပိုမိုနည်းပါးလာခဲ့သည်။ ပထမတန်းကလပ် သန်လျင်ယူနိုက်တက်အသင်းသည် ငွေကြေး အခြေအနေကြောင့် ပထမအကျော့မပြီးဆုံးမီ ထွက်ခွာခဲ့ပြီး လစာကြွေးကျန်များ ဖြေရှင်းနိုင်ခြင်း မရှိသည့် MNL ကလပ် နေပြည်တော်အသင်းကိုလည်း ပြိုင်ပွဲပြီးဆုံးခါနီးတွင် ထုတ်ပယ်ခဲ့သည်။ ချင်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲပြီးဆုံးသည်အထိ ယှဉ်ပြိုင်ခဲ့သော်လည်း ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်သဖြင့် လာမည့် ရာသီတွင် မယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမတန်းချန်ပီယံ စီးတီးရန်ကုန်အသင်း ဖျက်သိမ်းခဲ့ခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဘဲ အသင်းဘုတ်အဖွဲ့ဝင်များအား တူရကီနိုင်ငံမှ Black List သွင်းပြီး ဗီဇာသက်တမ်း မတိုးရန်တောင်းဆိုခဲ့သောကြောင့် အသင်းပျက်သွားရခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် လိဂ်ပြိုင်ပွဲ ရေရှည်ရပ်တည်နိုင်ရန် အဖြေရှာရတော့မည်ဖြစ်သည်။

Most Read

Most Recent