မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် စိတ်ဝင်စားခြင်းခံရသည့် ကျိုက်ထီးရိုး Cable Car စီမံကိန်း

မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် စိတ်ဝင်စားခြင်းခံရသည့် ကျိုက်ထီးရိုး Cable Car စီမံကိန်း
Published 26 December 2017

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား ဖွင့်လှစ်ပြီးနောက် ဘုရားဖူးများအား ပို့ဆောင်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မြန်မာနိုင်ငံ၏ ပထမဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုးကြိုးရထား Cable Car စီမံကိန်းကို ဒီဇင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါစီမံကိန်းအား ကိုရီးယားနိုင်ငံမှ Sky International Co.,Ltd နှင့် မြန်မာနိုင်ငံမှ ရတနာရွှေဆင်ကြီးတို့ ပူးပေါင်းတည်ထောင်ထားသည့် Sky Asia Co, Ltd မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာသန်း ၂၀ ကျော်ကုန်ကျခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နှစ် ၅၀ B.O.T စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကျိုက်ထီးရိုးကြိုးရထား (Cable Car) မှာ Main Station မှ Return Station အထိ ၉၅၅ ဒသမ ၃၈ မီတာရှည်ပြီး Main Station တွင် တာဝါနှစ်တိုင်၊ Return Station ၌ တာဝါနှစ်တိုင်၊ အလယ်တွင် တာဝါခုနစ်တိုင်ဖြင့် တည်ဆောက်ထားကာ ရသေ့တောင်မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးသို့ ပြေးဆွဲခြင်းဖြစ်သည်။ ကေဘယ်ကြိုးရထား (Cable Car) အတွဲ ၄၄ တွဲ အနက် ၄၃ တွဲပြေးဆွဲမည်ဖြစ်ပြီး တစ်တွဲအား အရံအဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူရှစ်ယောက်ခန့်စီးနိုင်ပြီး အများဆုံးကြာချိန်မှာ ရှစ်မိနစ်မှ ၁၅ မိနစ်အတွင်းဖြစ်၍ လူအနည်းအများအပေါ်မူတည်၍ အချိန်အား ထိန်းညှိပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Cable Car စီးနှင်းခနှုန်းထားအဖြစ် တစ်ဦးလျှင် အတက်ကျပ် ၃၀၀၀ နှုန်း၊ အဆင်းကျပ် ၃၀၀၀ နှုန်းသတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် အတက် ၁၀ ဒေါ်လာ၊ အဆင်း ၁၀ ဒေါ်လာသတ်မှတ်ထားကာ ခရီးသွားအာမခံပါဝင်ပြီး IKBZ နှင့်ချိတ်ဆက်ကာ အာမခံစီစဉ်ထားကြောင်း သိရသည်။

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အမှတ် (၈၈၆/၂၀၁၅)၊ (၂.၁.၂၀၁၅) ရက်စွဲပါခွင့်ပြုချက်ဖြင့် Sky Asia ကုမ္ပဏီလီမိတက်မှ သစ်တောဦးစီးဌာန၏ မြေ ၁၃ ဒသမ ၅ ဧကကို တစ်နှစ်လျှင် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် မပြီးပြတ်သေးသည့်အတွက် ၂၀၁၆ ခုနှစ် ဇူလိုင် ၂ ရက်မှ ၂၀၁၇ ခုနှစ်ဧပြီ ၁ ရက်အထိ တည်ဆောက်ရေးကာလအား ကိုးလတိုးမြှင့်ပေးခဲ့သည်။

Most Read

Most Recent