သတ်ဖြတ်ခံရမှုကြောင့် ပျောက်ကွယ်လုအခြေအနေနှင့် ရင်ဆိုင်နေရသော ဧရာဝတီမှ တောဆင်ရိုင်းများ

သတ်ဖြတ်ခံရမှုကြောင့် ပျောက်ကွယ်လုအခြေအနေနှင့် ရင်ဆိုင်နေရသော ဧရာဝတီမှ တောဆင်ရိုင်းများ
Published 26 December 2017

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီဇင်ဘာဒုတိယပတ်အတွင်းက သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်းတစ်ကောင်အား တွေ့ရစဉ်

၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိခဲ့ရသည့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ပြီး ယခုနှစ်တွင် စစ်ဆေးတွေ့ရှိရသည့် တောဆင်ရိုင်းအသတ်ဖြတ်ခံရမှုမှာ နိုဝင်ဘာအကုန်ထိ ၁၅ ကောင်ထိရှိခဲ့ပြီး စစ်ဆေးတွေ့ရှိရခြင်းမရှိဘဲ သေဆုံးခဲ့ရသည့် တောဆင်ရိုင်းများမှာလည်း အများအပြားပင်ရှိနိုင်သေးကြောင်း တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေးမိတ်ဆွေများအဖွဲ့က ခန့်မှန်းထားသည်။

၂၀၁၆ ခုနှစ်တွင် တစ်နှစ်တာကာလပတ်လုံးတွင် တောဆင်ရိုင်းများအသတ်ခံရမှုမှာ စစ်ဆေးတွေ့ရှိချက်များအရ ၁၃ ကောင်သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာကုန်အထိမူ ၁၅ ကောင်ထိရှိခဲ့ပြီး တစ်နှစ်တာအချိန်မကုန်မီမှာပင် ယမန်နှစ်ထက် သုံးကောင်ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ တောဆင်ရိုင်များ အသတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် လေးမှုဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ထိမူ ကိုးမှုအထိ ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပြီး ယမန်နှစ်ထက်ငါးမှု ပိုမိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောဆင်ရိုင်းများ အသတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပေါ်နေသည့်ဒေသများမှာ ပုသိမ်ခရိုင်အတွင်း မြင်းကကွင်းကျေးရွာ၊ ချောင်းသာကျေးရွာ၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်နှင့် ငရုတ်ကောင်းမြို့နယ်များတွင် အများဆုံးဖြစ်ပွားနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်း အကောင်ရေအရေအတွက်မှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၀ မတ်အထိ တောဆင်ရိုင်းစာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူထားမှုအရ တောဆင်ရိုင်းကောင်ရေ ၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လူနှင့်ဆင်ပဋိပက္ခဖြစ်စဉ်များလည်း များစွာဖြစ်ပွားခဲ့ပြီး တောဆင်ရိုင်းများမှာ တောနက်ထဲတွင် ဆင်မုဆိုးများ၏ လိုက်လံဖမ်းဆီးမှုနှင့် အစာရေစာရှားပါးမှုများကြောင့် လူအများနေထိုင်ရာဒေသများကို ခေတ္တရှောင်ပုန်းလာရာမှ ဖြစ်ပွားရသည်ကို တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး မိတ်ဆွေများအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်မှုကို တားမြစ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် တပ်မတော်မှ မကြာခဏတောနင်းရှာဖွေမှုများ ပြုလုပ်လျှက်ရှိသော်လည်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှုအချို့ကိုသာ ဖမ်းဆီးရမိနိုင်ခဲ့ပြီး သတ်ဖြတ်ပြီးခဲ့သည့် တောဆင်ရိုင်းများမှ ရရှိခဲ့သည့် ဆင်စွယ်ဆင်သားရေနှင့် အခြားသောအပိုင်းအစများကို သယ်ယူရောင်းချနေမှုများတွင် ရှာဖွေဖမ်းဆီးနိုင်ခဲ့မှုများမရှိကြောင်း သိရသည်။

“တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဒါကို တိုင်းဒေသကြီးအစိုးရတစ်ရပ်အနေနဲ့ စီမံချက်တစ်ခုရေးဆွဲပြီး လုပ်ဆောင်ပေးဖို့ကို လွှတ်တော်ကနေတစ်ဆင့် မေးမြန်းသွားဖို့ရှိတယ်။ ကျွန်တော်အမှုစဉ်တွေကို အဓိကလေ့လာလိုက်တာမှာ တောဆင်ရိုင်းသတ်မှုတွေကို ဖမ်းမိပြီဆိုရင် ဆင်သတ်မုဆိုးတွေကို မိတာရှိတယ် ဆင်သတ်မုဆိုးရဲ့လက်ဝယ်မှာ ဆင်ထွက်ပစ္စည်းတွေ ဆက်စပ်ပြီးတော့ မိတာရှိတယ်။ အဓိက ဆင်ထွက်ပစ္စည်းကို သီးသန့်ရောင်းဝယ်နေတဲ့ နောက်ကွယ်ကလုပ်ငန်းရှင်တွေ သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတွေမှာ ဖမ်းဆီးမိတာဆိုဟာ မတွေ့ရဘူး။ ဒါကိုနယ်မြေဂိတ်တွေ အဆင့်ဆင့်ဖွင့်လှစ်ပြီးတော့ စစ်ဆေးဆောင်ရွက်ဖို့တွေ လိုအပ်လိမ့်မယ်။ ဒီလိုမှ နောက်ကွယ်ကြိုးကိုင်နေတဲ့သူတွေကို မဖော်ထုတ်နိုင်ရင် တောဆင်ရိုင်းတွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်” ဟု ငပုတောမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းအကောင် ၇၀၀ ကျော်သာကျန်ရှိတော့ပြီး မြန်မာ့သစ်လုပ်ငန်းတွင်မူ ဆင်ယာဉ်များအဖြစ် ဆင်ကြီး ၁၀၈ ကောင်၊ ဝန်တင်ဆင် ၁၉ ကောင်၊ အမိနောက်လိုက်ဆင် ၁၁ ကောင်ရှိကြောင်း သိရသည်။

Most Read

Most Recent