အဘက်ဘက်မှကျပ်တည်းမှုနှင့် ခုနစ်နှစ်နီးပါးကြာ တောင့်ခံထားရသော ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ

အဘက်ဘက်မှကျပ်တည်းမှုနှင့် ခုနစ်နှစ်နီးပါးကြာ တောင့်ခံထားရသော ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ
Published 26 December 2017

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ KBC စစ်ဘေးဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြစ်ဆုံစီမံကိန်းကိုအကြောင်းပြု၍ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ပြန်လည်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့၏ တစ်ကျော့ပြန်တိုက်ပွဲများမှာ ၂၀၁၇ ခုနှစ်တွင်လည်း ရပ်တန့်မှုမရှိသေးဘဲ စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များမှာ အဘက်ဘက်မှကျပ်တည်းမှုများကို တောင့်ခံခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင်aပါ်ပေါက်ခဲ့သော ကေအိုင်အို၊ ကေအိုင်အေအဖွဲ့အစည်းသည် ၁၉၉၄ ခုနှစ်တွင် တပ်မတော်စစ်အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့သော်လည်း ၁၇ နှစ်ကြာပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများသည် အဆုံးသတ်နိုင်မှုမရှိဘဲ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိမြို့၊ ကျေးရွာများ၊ ဖားကန့်ဒေသလမ်းကြောများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အနှံ့သို့ ပြန်နှံ့သွားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်စာရင်းများအရ အစိုးရထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်းပေါင်း ၉၄ ခု၊ လူဦးရေ ၄၀၀၀၀ နီးပါးခိုလှုံနေပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်းပေါင်း ၂၅ ခုရှိနေပြီး လူဦးရေ ၄၆၀၀၀ ကျော်ခိုလှုံနေရကြောင်း ကေအိုင်အိုဒုက္ခသည်များဆိုင်ရာ ကော်မတီ၏စာရင်းအရ သိရသည်။

ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအတွက် ငါးနှစ်တွင် ကုဋေပေါင်း ၁၉၀၀ ကျော် (၁၉၈၁၉၉၆၈၄၆၉) ကျပ်သုံးစွဲခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရစာရင်းအရ သိရပြီး နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်၊ ပါတီ၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOs များ၏ အစိုးရထံရောက်ရှိသောစာရင်းသာဖြစ်ပြီး အမည်ပေါက်မရောက်သည့် စာရင်းများလည်း အများအပြားကျန်နေသေးကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် ရိက္ခာလျှော့ချပြီးနောက်ပိုင်း တစ်လထောက်ပံ့ငွေမှာ ကျပ်သိန်းပေါင်းသုံးထောင်ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များကို အစိုးရနှင့် ကေအိုင်အေတို့ညှိနှိုင်း၍ ကျေးရွာလေးရွာအား ကနဦးနေရာပြန်ချပေးရန် ၂၀၁၃ ခုနှစ် အောက်တိုဘာဆွေးနွေးပွဲတွင် သဘောတူခဲ့သော်လည်း အကောင်အထည်မဖော်နိုင်သည့်အပြင် ၂၀၁၄ ခုနှစ်ဧပြီလတွင် မံစီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်လာခဲ့မှုကြောင့် စစ်ဘေးဒုက္ခသည်စခန်းတစ်ခု ရွှေ့ပြောင်းခဲ့ရပြီး စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျာ်လည်း ထပ်တိုးလာခဲ့သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင်လည်း ဒေသတွင်းတိုက်ပွဲတချို့ကြောင့် စစ်ဘေးဒုက္ခသည်များ ထပ်တိုးလာမှုများရှိနေဆဲဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း၌ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကြိုးစားခဲ့ပြီး ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းတစ်ထောင်ကျော် နေရပ်ပြန်နိုင်ရေး ကြိုးစားခဲ့သော်လည်း အခက်အခဲအများအပြား ကြုံတွေနေရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွမ်ကဆိုသည်။

“ကျွန်တော်တို့ကြိုးစားနေတယ်။ အလုပ်က ရှေ့ဆက်မတိုးဘူးဖြစ်နေတယ်။ တနိုင်းဘက်လိုဆိုရင် ချက်ချင်းပြန်ဖို့လုပ်ပေမယ့် လုံခြုံရေးအခြေအနေတွေကမပေးဘူး။ အစိုးရဘက်ကတော့ တတ်နိုင်တဲ့နည်းနဲ့ ပြန်စေချင်တယ်။ ကေအိုင်အိုရဲ့သဘောထားကတော့ နိုင်ငံတကာစံအတိုင်းပဲ ပြန်စေချင်တယ်။ အစိုးရ၊ တပ်မတော်၊ ကေအိုင်အေခေါင်းဆောင်တွေ သဘောတူညီချက်မရပဲပြန်မယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောကြားသည်။

လက်ရှိအခြေအနေရ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် NCA တွင် လက်မှတ်မထိုးနိုင်သေးခြင်း၊ ပစ်ခိုက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ နေရပ်ပြန်နိုင်ရေးအတွက် သီးခြားသတ်မှတ်နိုင်မှုများ၊ ဆွေးနွေးနိုင်မှုမရှိသေးခြင်း စသည့်အခြေအနေများကြောင့် နောက်ထပ်နှစ်ချီပြီး စစ်ဘေးဒုက္ခသည်စခန်းများမှ မထွက်နိုင်သေးဟု ခန့်မှန်းမှုများလည်းရှိနေသည်။

စစ်ဘေးဒုက္ခသည်များ၏ မျော်လင့်ချက်မှာ ငြိမ်းချမ်းရေးနှင့် မိမိတို့အိုးအိမ်တွင် အတည်တကျ ပြန်လည်နေထိုင်နိုင်ရေးဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များအနေဖြင့် ဆယ်ပေပတ်လည်အခန်းကျဉ်းများအတွင် ခြောက်နှစ်ကျော်ခုနစ်နှစ်နီးပါ နေထိုင်ခဲ့ရသော လူတစ်သိန်းကျော်အတွက် မည်မျှအထိစဉ်းစားပေးသည်အပေါ်မှာ မူတည်မည်ဖြစ်သည်။

Most Read

Most Recent