အစိုးရဟောင်းလက်ထက်က စာရင်းပျောက်ခဲ့သည့် ရေနံမှော်များမှရရှိသော ငွေကျပ်သန်း ၇၀၀၀ ကျော်နှင့် NLD အစိုးရ၏ကိုင်တွယ်မှု

အစိုးရဟောင်းလက်ထက်က စာရင်းပျောက်ခဲ့သည့် ရေနံမှော်များမှရရှိသော ငွေကျပ်သန်း ၇၀၀၀ ကျော်နှင့် NLD အစိုးရ၏ကိုင်တွယ်မှု
Published 26 December 2017

ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံမှော်များမှရရှိခဲ့ပြီး စာရင်းပျောက်နေသည့် ငွေကျပ် ၂ ဒသမ ၈ ဘီလျံကိစ္စကို ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၆ ခုနှစ်မေလက ပြည်ထောင်စုလွှတ်တော်သို့ မေးခွန်းမေးတင်ပြခဲ့ရာ NLD အစိုးရမှ စသုံးလုံးနှင့် ပြည်ထောင်စုစာရင်းစစ်ဋ္ဌာနတို့၏ အကူအညီဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံမှော်များရှိ လက်ယက်တွင်းများမှရရှိခဲ့သော ငွေပေါင်းကျပ်သန်း ၇၀၀၀ ကျော်အထိရှိခဲ့သည်ဟု ပေါ်ပေါက်ခဲ့သည်။

ယင်းငွေများအနက် ငွေကျပ်သန်း ၃၀၀၀ ကျော်ကို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီနှင့် အသင်းအဖွဲ့နှစ်ခုအတွက် အသုံးပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရာလက်ရှိ တိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် ဧပြီ ၈ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထဲရေးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့သည်။ ယင်းအကြောင်းကြားစာကိုလက်ရှိ မကွေးတိုင်းအစိုးရအဖွဲ့က ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေထံ ဧပြီ ၂၆ ရက်က အကြောင်းကြားခဲ့ရာ ၎င်းက ဧပြီ ၂၇ ရက်ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာပါ ငွေနှင့်ပစ္စည်းများအား အရစ်ကျပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေမှ လက်ရှိမကွေးတိုင်းအစိုးရအဖွဲ့သို့ အကြောင်းပြန်ခဲ့သည့်စာတွင် နံပါတ်စဉ်နှစ်ခုပါရှိခဲ့ကြောင်းသိရပြီး နံပါတ်စဉ် (၁) အပိုဒ်ခွဲ (က) တွင် နိုင်ငံတော်သမ္မတရုံး၏ အကြောင်းကြားစာ အပိုဒ် (ခ) ၌ ဖော်ပြပါရှိသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် ဧပြီ ၃၀ ရက်ကိုနောက်ဆုံးထားပြီး ပြန်လည်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ အပိုဒ်ခွဲ (ခ) နှင့် အပိုဒ်ခွဲ (ဂ) တို့တွင် နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာပါ အပိုဒ် (ဂ) ၌ ဖော်ပြထားသည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလျံကျော်အနက် ငွေကျပ်သိန်း ၅၀၀၀ အား မေလပထမပတ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပထမအရစ်အနေဖြင့် ပေးသွင်းသွားမည်ဖြစ်ပြီး ကျန်ရှိငွေများမှာ လုပ်ငန်းလည်ပတ်လျက်ရှိပါသောကြောင့် ပြန်လည်ကောက်ခံပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်မတိုင်မီ ပေးသွင်းသွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာ အပိုဒ် (က) တွင်ဖော်ပြထားသည့် ငွေကျပ် ၁ ဒသမ ၇ ဘီလျံအား ၂၀၁၇ ခုနှစ်နောက်ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးသွင်းသွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ အပိုဒ် (၂) တွင် အထက်ပါငွေများ၊ ယာဉ်ယန္တရားများ ပြန်လည်လွှဲပြောင်းပေးအပ်မှုအား မိမိကိုယ်စားလှယ်အဖြစ် ရွှေသုခအသေးစားငွေရေးကြေးရေး လုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်း မှတ်ပုံတင်အမှတ် (၁၃။ မမတ (နိုင်) ၀၈၂၀၉ ၅) မှ ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဟုလည်းကောင်းပါရှိကြောင်း သိရသည်။

ယင်းသို့အကြောင်းပြန်သည့်အတိုင်း ထိုငွေများအနက်မှ ကျပ်သန်း ၃၀၀၀ ကျော်နှင့်ကားများ၊ ပဲ့ထောင်ရေယာဉ်များကို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီနှင့် အသင်းအဖွဲ့နှစ်ခုအတွက် အသုံးပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထို့ကြောင့် ယင်းငွေကျပ်သန်း ၃၀၀၀ ကျော်နှင့်ပစ္စည်းများအား လက်ရှိတိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးက ဧပြီ ၈ ရက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ယင်းစာပါအချက်များအား မကွေးတိုင်းအစိုးရအဖွဲ့က ဧပြီ ၂၆ ရက်နေ့တွင် ယခင်မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် တာဝန်ရှိသူများထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ထို့နောက် ဧပြီ ၂၇ ရက်ရက်စွဲဖြင့် ဦးဘုန်းမော်ရွှေက ပစ္စည်းနှင့်ငွေများကို အရစ်ကျပြန်လည်ပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့ပြီး ဧပြီ ၂၉ ရက်က ကားလေးစီးနှင့် ဘက်ဟိုးလုပ်ဒါတစ်စီးတို့ကို ပထမဆုံးပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် လေးကြိမ်ခွဲ၍ အရစ်ကျပြန်လည်ပေးသွင်းခဲ့ရာ နောက်ဆုံးအရစ်အဖြစ် ဇူလိုင် ၃၁ ရက်က နောက်ဆုံးအရစ်ကျန်ငွေ ကျပ်ငွေသန်းပေါင်း ၅၇၀ ပေးသွင်းခဲ့ကြောင်း သိရသည်။ထို့ကြောင့် ပြည်ထောင်စုအစိုးရမှ ညွှန်ကြားခဲ့သည့် ကျပ်ငွေသန်းပေါင်း ၃၂၇၀ (သိန်းပေါင်း ၃၂၇၀၀)ကို လက်ရှိအစိုးရမှရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရမှ ညွှန်ကြားခဲ့သည့် ကျပ်သန်း ၃၀၀၀ ကျော်အနက် စာရင်းပေါ်ပေါက်သည့် ကျန်ကျပ်သန်း ၄၀၀၀ ကို မည်သည့်နေရာတွင် မည်သို့အသုံးပြုခဲ့သည်ဟုသိရှိနိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ညွှန်ကြားချက်၊ တာဝန်ပေးချက်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent