ခွန်တန် (ခ) ဇာတ်လိုက်နှင့် အံ့သြမှင်တက်စေသော ပန်းဦးလွှတ်ပြဿနာ

ခွန်တန် (ခ) ဇာတ်လိုက်နှင့် အံ့သြမှင်တက်စေသော ပန်းဦးလွှတ်ပြဿနာ
Published 26 December 2017

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာသာသနာပြုနယ်မြေတွင် ဘာသာရေးကိုအခြေခံပြီး အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်မိန်းကလေးများကို ပန်းဦးရယူမှုများ ဖြစ်နေကြောင်း၊ တိုင်ကြားသူမရှိသည့်အပြင် တိုင်ကြားရန်ပြောသူကိုပင် ၎င်းတို့က ရန်သူအဖြစ်သတ်မှတ်သည့် အနေအထားမျိုးရှိနေကြောင်း၊ မိဘများကိုယ်တိုင် ဘာသာရေးကိုအကြောင်းပြပြီး ၎င်းတို့၏သမီးကို သိဒ္ဓိတင်သည်ဟု အတွေးဝင်နေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က အောက်တိုဘာ ၁၇ ရက်က မော်လမြိုင်ရှိ ငွေမိုးဟိုတယ်၌ပြုလုပ်သည့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု သတင်းအချက်လက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာမှ ခွန်တန် (ခ) ဇာတ်လိုက်ကိစ္စ လူသိများလာခဲ့သည်။

ဒေါ်ခိုင်ခိုင်လဲ့က “အဲဒီလူရဲ့အမည်က သူတို့ကတော့ ခွန်တန်လို့ခေါ်ပါတယ်။ အသက်က ၂၅ နှစ်ပဲရှိပါသေးတယ်။ အလံတစ်ရာ ဆရာတော်ဘုရားဝင်စားတာပါဆိုပြီး အမျိုးသမီးလေးတွေကိုဖြစ်တာပါ။ အပျိုဖြစ်တာနဲ့ ပန်းဦးလွှတ်တဲ့ အလေ့အကျင့်သထုံမှာ၊ မွန်ပြည်နယ်ထဲမှာဖြစ်နေပါတယ်။ ဒီအဖြစ်ပျက်ဟာ ပြီးခဲ့တဲ့အစိုးရငါးနှစ်သက်တမ်းမှာလည်း ဖြစ်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေက ကိုင်တွယ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခုကျွန်မနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်တို့ ဒီကိစ္စကိုဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ မိန်းကလေးတွေကိုလည်း စည်းရုံးနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်မိန်းကလေးတွေကို အစ်မကိုယူပြီးရင် ညီမကိုယူပါတယ်။ ဒီရွာမှာပဲ လမ်းလေးခွဆုံမှာ မင်္ဂလာဆောင်ပါတယ်။ ဆက်တိုက်ကိုယူပါတယ်။ သုံးယောက်ရှိရင် သုံးယောက်လုံးယူပါတယ်။ ဒီဖြစ်စဉ်ဟာ သထုံမြို့နယ်မှာဖြစ်နေလားလို့ မေးရင်၊ ဖြစ်နေပါတယ်။ ဒါကလူတွေမသိပါဘူး။ လူသိဖို့အင်မတန်မှ အခြေအနေနည်းတဲ့အနေထား ဖြစ်ပါတယ်။ ကျွန်မတို့က အခုတော့ ပထမဆုံးအနေနဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်တွင် ခွန်တန် (ခ) ဇာတ်လိုက်အပါအဝင် ခုနစ်ဦးအား သထုံမြို့မရဲစခန်း၌ အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် နစ်နာသူအမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူက အမှုဖွင့်လှစ်ခဲ့သည်။

“ခွန်တန် (ခ) ဇာတ်လိုက်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်က နစ်နာသူအမျိုးသမီးတစ်ဦးရဲ့ဖခင်က လာရောက်အမှုဖွင့်လှစ်ထားပါတယ်။ ၃၆၃/ ၃၆၆/ ၁၁၄ အရ အမှုလက်ခံထားပါတယ်။ အဓိပ္ပာယ်ကတော့ အလိုမတူဘဲ အသက်မပြည့်သေးတဲ့မိန်းကလေးကို ခိုးယူပေါင်းသင်းတာနဲ့ အားပေးကူညီတဲ့အဓိပ္ပါယ်ပါပဲ။ ခွန်တန် (ခ) ဇာတ်လိုက်နဲ့ လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနဲ့ မောင်ခင်တို့ခုနစ်ဦးကို အမှုဖွင့်ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောကြားသည်။

ခွန်တန် (ခ) ဇာတ်လိုက်နှင့်ပတ်သက်၍ တိုင်ကြားမှုကို နိုဝင်ဘာ ၆ ရက်က မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာနေသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ထွက်ဆိုချက်များကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာခဲ့သည်။

ကြားနာမှုအပြီးတွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က မိမိတို့သည် လွှတ်တော်က တာဝန်ပေးထားသည့် ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်အတိုင်း ဆောင်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွင်တိုင်ကြားသူများ၏ နှုတ်ထွက်စကားကို နားထောင်ခြင်းဖြစ်ကြောင်း၊ တိုင်သူများက တိတိကျကျတိုင်တန်ပြီး တိုင်ကြားသည့်အပေါ်တွင်လည်း တာဝန်ယူကြောင်း၊ လွှတ်တော်အပိုင်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် စုံစမ်းစစ်ဆေးရမည့်အပိုင်း ဆောင်ရွက်ပြီးပါက အစီရင်ခံစာရေးသားပြီး၊ အစီရင်ခံစာကို ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အခြားသောဝန်ကြီးဌာနကို ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာရှိ အလံတစ်ရာ သာသနာ့နယ်မြေ၌ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့မှ ညွှန်ကြားလာပါက သာသနာသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိစိတ္တသာရက မိန့်ကြားတော်မူသည်။

“ဆရာတော်တို့အနေနဲ့က ညွှန်ကြားချက်မရှိရင် ဘာမှလုပ်လို့မရဘူး။ မဟနအဖွဲ့က ဆုံးဖြတ်ချက်က အဓိကဖြစ်သွားပြီး။ လူပိုင်းဆိုင်ရာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက သူတို့အရေးယူဆောင်ရွက်သွားလိမ့်မယ်ဆိုတာကို ကြေညာထားတယ်” ဟု ဆရာတော်က မိန့်ကြားတော်မူသည်။

သို့သော်လည်း အလံတစ်ရာသာသနာ့ပြုနယ်မြေအတွင်း ပန်းဦးလွှတ်သည်ဆိုသည့်ကိစ္စနှင့် ဆက်စပ်၍ ခွန်တန် (ခ) ဇာတ်လိုက်နှင့် လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနှင့် မောင်ခင်တို့ခုနစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၆၆/၁၁၄ အရ အမှုဖွင့်လှစ်ထားသည့် အခြေအနေသာရှိသေးပြီး ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent