YBS ၏ အဆိုးရွားဆုံးယာဉ်တိုက်မှုအပါအဝင် လူအများအပြားသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များ

YBS ၏ အဆိုးရွားဆုံးယာဉ်တိုက်မှုအပါအဝင် လူအများအပြားသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များ
Published 25 December 2017

လူအများဆုံး သေဆုံးခဲ့သည့် YBS ၅၅ ယာဉ်လိုင်း ယာဉ်တိုက်မှုဖြစ်စဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Htin lin Aung- Facebook)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့သည့်အနက် ယာဉ်မောင်း၏ပေါ့ဆမှု၊ စည်းကမ်းမဲ့မောင်းနှင်မှုများနှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှုအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ပြည်သူများ အားထားမှီခိုနေရသည့် YBS ခရီးသည်တွင် ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှုများအပါအဝင် စည်းကမ်းမဲ့ယာဉ်မောင်းများကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိမှုများကို ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။

YBS ယာဉ်တိုက်မှုများအနက် လူအများအပြားသေဆုံးဒဏ်ရာရရှိခဲ့ပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုမှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၈ ရက်ညနေပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအနီး ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော YBS (၅၅) ယာဉ်တစ်စီးသည် ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းအနီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီးနောက် YBS (၃၇) ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်ခဲ့သည်။ ယင်းနောက် YBS (၅၅) ယာဉ်သည် YBS (၃၇) ယာဉ်ကိုတိုက်ပြီးနောက် ဝဲဘက်ခြမ်းလမ်းနံဘေးတွင် ကာထားသည့် သံပေါင်တန်းအား ထပ်မံတိုက်မိခဲ့သည်။

ထိုသို့ YBS (၅၅) ခရီးသည်တင်ယာဉ်နှင့် YBS (၃၇) ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည် ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယာဉ်နှစ်စီးတိုက်မှုသည် မ.ထ.သ စနစ်ကိုဖျက်သိမ်းအပြီး YBS စနစ်သစ်ဖြင့် ယာဉ်များပြေးဆွဲမှု ခြောက်လခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းယာဉ်တိုက်မှုသည် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများအနက် အဆိုးရွားဆုံး ယာဉ်တိုက်မှုပင်ဖြစ်သည်။ YBS (၃၇) ယာဉ်ကို YBS (၅၅) ယာဉ်က မျက်နှာချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားပြီးနောက် YBS (၅၅) ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်ပြီး အခြားယာဉ်လိုင်းတစ်ခု အစားထိုးပြေးဆွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အနောက်ပိုင်းခရိုင် တက္ကသိုလ်လမ်း သရက်ခြံမှတ်တိုင်အနီးတွင် ကင်တာအမျိုးအစားယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိလာပြီး လမ်းဘေး၌ရပ်ထားသည့် YBS ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့သည်။

အလားတူ သြဂုတ် ၃၁ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းကူးစက်ရောဂါဆေးရုံရှေ့၌ YBS (၄၁) ယာဉ်အား ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ်က အနောက်မှဝင်တိုက်မှုဖြစ်ပွားမှုကြောင့် ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါယာဉ်တိုက်မှုသည် ခရီးသည်လုတင်ရင်း ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမာရွတ်မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်က ဘုရင့်နောင်လမ်းအတိုင်း မောင်းနှင်လာသော YBS (၂၀) ယာဉ်သည် ရေကြောင်းမှတ်တိုင်အနီး၌ အရှေ့မှမောင်းနှင်နေသည့် YBS (၈၅) ယာဉ်ကို အနောက်မှဝင်တိုက်ပြီးနောက် အိမ်ကားတစ်စီးကို ထပ်မံတိုက်ခဲ့ရာ လူလေးဦးဒဏ်ရာရရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ၁၁ လအတွင်း YBS ယာဉ်များအပါအဝင် အခြားယာဉ်မတော်တဆမှုစုစုပေါင်း ၂၃၂၅ မှုဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် လူ ၅၄၅ ဦးသေဆုံးပြီး ၂၉၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့လျှင် ပျမ်းမျှယာဉ်မတော်တဆမှု ခုနစ်မှုဖြစ်ပွားနေပြီး တစ်လလျှင် ယာဉ်မတော်တဆမှု ၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် တစ်နေ့လျှင် လူတစ်ဦးခွဲနှုန်းဖြင့် တစ်လလျှင် လူ ၄၅ ဦးခန့် ပျမ်းမျှနှုန်းဖြင့် သေဆုံးနေကြောင်း၊ ဒဏ်ရာရရှိမှုမှာ တစ်ရက်လျှင် ကိုးဦးနှုန်းဖြင့် တစ်လလျှင် လူ ၂၇၀ ထိခိုက်ဒဏ်ရာရရှိနေကြောင်း အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း အမြန်လမ်းမကြီးများအပါအဝင် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၁၇၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၈၀၀ ကျော်ရှိကာ တစ်ရက်လျှင် ပျမ်းမျှ ၁၃ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူမှာ ၂၀၁၆ ခုနှစ်အတွင်း ၂၇၀၀၀ ကျော်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့် ဒေသများမှာ လူဦးရေများပြားပြီး ကား၊ ဆိုင်ကယ် စသည့်ယာဉ်များပေါများသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဖြစ်များကြောင်း သိရသည်။

Most Read

Most Recent