နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည်အသက်ဝင်လာသည့် RC-2 နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)

နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည်အသက်ဝင်လာသည့် RC-2 နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)
Published 27 December 2017

နှစ်ပေါင်း ၂၀ ခန့်ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ဒီဇင်ဘာ ၄ ရက်ကစတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တက္ကသိုလ်မှ မေဂျာစုံပထမနှစ် ကျောင်းသားကျောင်းသူများ စတင်တက်ရောက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သင်တန်းများဖွင့်လှစ်ခွင့်ရပ်ဆိုင်းခဲ့ပြီး နှစ်ပေါင်းများစွာကြာမှ ပြန်လည်အသက်ဝင်လာခဲ့ကြသော မြန်မာနိုင်ငံ၏ ပထမဦးဆုံးအင်ဂျင်နီယာသိပ္ပံဖြစ်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် လှိုင်တက္ကသိုလ်နယ်မြေတို့မှာ ၂၀၁၇ ခုနှစ်အတွက် ပညာရေးကဏ္ဍ၏ ထူးခြားသော အထင်ကရ မှတ်တိုင်များအဖြစ် ဖော်ပြရေးသားအပ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအင်ဂျင်နီယာသိပ္ပံဖြစ်သည့် Government Technical Institute (GTI) ကို ၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင်ပိတ်ခဲ့ကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်မှ ရန်ကုန်မြို့တော် စည်ပင်လက်အောက်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မြို့တော်စည်ပင်က ပညာရေးဝန်ကြီးဌာနအောက်သို့ ပြန်လည်လွှဲပြောင်းခဲ့ပြီး လုပ်ငန်းခွင်နှင့်ကိုက်ညီမှုရှိသော မြန်မာ့လူငယ်များ မွေးထုတ်ပေးနိုင်ခြင်း၊ လုံလောက်သောဝင်ငွေရရှိမှုများ ဖြစ်ပေါ်လာစေခြင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင်လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် သက်မွေးပညာသင်တန်းများအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ စတင်ဖွင့်လှစ်ပို့ချပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂျီတီအိုင်ပညာရေးနှစ် ၁၂၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ၁၉၀၈ ခုနှစ်ကတည်ဆောက်ကာ သက်တမ်း ၁၀၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် အင်းစိန်ဂျီတီအိုင်ပင်မကျောင်းဆောင်ကို ရန်ကုန်မြို့ပြအဆောက်အအုံ အမွေအနှစ်စာရင်းဝင် အပြာရောင်ကမ္ပည်းပြားကိုလည်း အဆိုပါနေ့တွင် တပ်ဆင်ခဲ့ကြသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ တက်ရောက်ရန် လျှောက်ထားသူ ၂၆၀၀ ကျော်အနက် ၂၇၀ တက်ရောက်ခွင့်ရရှိခဲ့ပြီး အီလက်ထရွန်နစ် အင်ဂျင်နီယာသင်တန်း (EC)၊ စက်မှုလုပ်ငန်း အင်ဂျင်နီယာသင်တန်း (IE)၊ စက်မှုအင်ဂျင်နီယာသင်တန်း (ME)၊ မြို့ပြအင်ဂျင်နီယာသင်တန်း (Civil)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း (EP) စသည့်သင်တန်းငါးခုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်ဖွင့်လှစ်ပို့ချနေပြီဖြစ်သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) မှာ မြန်မာနိုင်ငံ၏နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေးဌာနအတွက် အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးပါသည့်အဆောက်အအုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အလားတူ ၁၉၉၆ ခုနှစ်မှစ၍ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (ယခင် RC-2) ၌လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှစပြီး ရန်ကုန်တက္ကသိုလ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားခဲ့သည်။ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ TTC ကမာရွတ်၏ KG တန်းမှ ပဉ္စမတန်းအထိ ကျောင်းသားကျောင်းသူများအား ပြည်လမ်းရှိ TTC သို့ ပြောင်းရွှေ့သင်ကြားပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ပထမနှစ်သင်တန်းသားဦးရေ ၁၀၀၀ ကျော်ကို လက်ခံသင်ကြားပေးလျက်ရှိသည်။

သင်ထောက်ကူပစ္စည်းများကိုလည်း လိုအပ်ချက်ပေါ်မူတည်၍ ထပ်မံဖြည့်ဆည်းမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ၌ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာသိပ္ပံကျောင်းသားများအား ပြောင်းရွှေ့သင်ကြားလာသည့်နည်းတူ ဗဟန်းမြို့နယ် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်စေရေးအတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ဖြစ်သော ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်မှစ၍ ပထမနှစ်အပါအဝင် မဟာတန်းအထိတက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်း အသစ်ဖွင့်လှစ်မည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကျောင်းတွင် ပြောင်းရွှေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ အဆောင်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန်လည်း စီစဉ်ထားပြီး ဆရာ ဆရာမဦးရေ ၁၂၀ နှင့် ကျောင်းသား ကျောင်းသူဦးရေ ၁၀၀၀ ခန့်သင်ကြားနိုင်မည်ဖြစ်သည်။

ပါရဂူဘွဲ့သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားရန်လည်း စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေနိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပြီး နိုင်ငံတော်အတွက် ခေတ်ပညာတတ် ဘွဲ့ရကျောင်းသားကျောင်းသူများကိုလည်း ယခင်ကကဲ့သို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှ ပြန်လည်မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။

Most Read