လွှတ်တော်၏ ကောင်းမွန်သည့် ဆောင်ရွက်မှုဖြစ်စေသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု

လွှတ်တော်၏ ကောင်းမွန်သည့် ဆောင်ရွက်မှုဖြစ်စေသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု
Published 26 December 2017

မူးယစ်ဆေးဝါး သုံးစွဲသူအား ထောင်ဒဏ်အစား လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ခြင်း ပြစ်ဒဏ်ဖြင့် ထည့်သွင်းပြင်ဆင်ထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ၂၀၁၇ ခုနှစ်အတွင်း လွှတ်တော်သို့ တင်သွင်းလာသည့်အတွက် ယခုနှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဇူလိုင် ၂၇ ရက်တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းခဲ့သည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး အခန်း (၉) ခန်း ပုဒ်မ ၃၁ ခုပါရှိကြောင်း သိရသည်။

မူးယစ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည့်အတွက် ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ပြင်ဆင်နိုင်ရန် ၂၀၁၄ ခုနှစ်မှ စတင်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အကြံပြုချက် သဘောထား မှတ်ချက်များ ရယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် တင်ပြခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်သက်တမ်းအတွင်း အချိန်လုံလောက်မှု မရှိသည့်အတွက်ကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းဥပဒေမူကြမ်းကို လက်ရှိအစိုးရ၏ မူဝါဒများနှင့် ကိုက်ညီမှုရှိစေရေးအတွက် ၂၀၁၆ ခုနှစ် မေလအတွင်းမှစ၍ ပြန်လည်စိစစ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနရှစ်ခု၊ လုပ်ငန်းအဖွဲ့ ၁၀ ခု၊ တိုင်းဒေသကြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ပြင်ဆင်ဖြည့်စွက် အကြံပြုချက်များ တောင်းခံ ဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

“လက်ရှိမူးယစ်ဥပဒေကို ပုဒ်မခုနစ်ခု ထပ်မံတင်သွင်းခြင်း၊ ပုဒ်မခွဲ (၁၉)ခု ပြင်ဆင်ခြင်း၊ ပုဒ်မခွဲ ၂၀ ဖြည့်စွက်ခြင်း၊ ပုဒ်မတစ်ခုနှင့် ပုဒ်မခွဲလေးခု ပယ်ဖျက်ခြင်းများ ဆောင်ရွက်ထားရှိပါတယ်။ ဥပဒေကို အဓိကပြင်ဆင်ခဲ့တဲ့ အချက်များ အနေနဲ့ကတော့ ပထမအချက် အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ပတ်သက်၍ လက်ရှိဥပဒေပုဒ်မ ကိုးခုမှာ ပုဒ်မခွဲသုံးခုမှာပါရှိတဲ့ မှတ်ပုံတင်၍ဆိုသော စကားရပ်ကို ပယ်ဖျက်ပြီး ပုဒ်မခွဲခြောက်ခုကို ထပ်မံဖြည့်စွက်ထားရှိပါတယ်။ ဒုတိယအချက်အနေနဲ့ ပုဒ်မ (၁၀) မှတ်ပုံတင်ခြင်းကို ပယ်ဖျက်တဲ့ ပုဒ်မ မလိုအပ်တော့တဲ့အတွက် ပယ်ဖျက်ထားရှိကြောင်း တင်ပြအပ်ပါတယ်။ တတိယအချက်မှာ ဆက်သွယ်ရေးလုပ်ငန်းများမှ မှတ်တမ်းများ ကြည့်ရှုခွင့်၊ မိတ္တူကူးခွင့်အတွက် ပုဒ်မ ၁၃ (င)၊ ၁၄ (က) နဲ့ ၁၇ (က) တို့ကို ဖြည့်စွက်ထားရှိကြောင်း တင်ပြအပ်ပါတယ်။ စတုတ္ထအချက် အနေနဲ့ကတော့ ပုဒ်မ ၁၅ မှာ မူးယစ်ဆေးဝါးသုံးစွဲများနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ပြင်ဆင်ထားရှိကြောင်း တင်ပြအပ်ပါတယ်။ ပဉ္စမအချက်မှာ ပုဒ်မ ၂၄ (က) နဲ့ (ခ)တို့မှာ မူးယစ်ဆေးဝါးများ စီမံခန့်ခွဲရန်နဲ့ သက်သေခံပစ္စည်းများ လွှဲပြောင်းပေးအပ်နိုင်ရေး အစားထိုး ပြင်ဆင်ထား ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီကလည်း လေ့လာတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် မူရင်းဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(က)ပါ ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်သည့် ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြုထားသည့် ဆေးကုဂေဟာတွင် ဆေးကုသမှု ခံယူရန် မှတ်ပုံတင်ရမည်ဟူသည့် စကားရပ်အစား ဆေးသုံးစွဲသူသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်သည့် ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြု ဆေးကုသဌာနတွင် ဆေးကုသမှု ခံယူရမည်ဟု ပြင်ဆင်ရန် ဖော်ပြထားသည်။

ထို့အတူ ပုဒ်မ ၉ ပုဒ်မခွဲ (ခ) ကို ဆေးဝါးသုံးစွဲသူအား ဆေးကုသပေးရေးနှင့် ဆေးကုသမှု ပြီးဆုံးပါက သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေး စခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေး စခန်းသို့ လွှဲပြောင်းပေးပို့ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လိုအပ်သော အစီအစဉ်များအား ချမှတ်ဆောင်ရွက်ရမည်ဟု ပြင်ဆင်ရန်လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထို့ပြင် အဆိုပါ ဥပဒေကြမ်းတွင် မူရင်းဥပဒေ၏ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ(ဃ)အဖြစ် ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမ ဆေးစစ်ချက်ခံယူရန် သို့မဟုတ် ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်သည့်ဌာန သို့မဟုတ် အစိုးရက ဤကိစ္စအလို့ငှာ အသိအမှတ်ပြုထားသည့် အနီးဆုံးဆေးကုသဌာနသို့ ပို့အပ်နိုင်သည်ဟု လည်းကောင်း၊ ပုဒ်မခွဲ(င)အဖြစ် သက်ဆိုင်ရာ ရဲအရာရှိသည် ပုဒ်မခွဲ(ဃ)ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်သူအား စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားရမည်ဟုလည်းကောင်း၊ ပုဒ်မခွဲ (စ)အဖြစ် တရားရုံးသည် ပုဒ်မခွဲ(င)အရ လျှောက်ထားခြင်းခံရသူအား ဆေးစစ်ချက် ခံယူနိုင်ရေးနှင့် ဆေးကုသမှု ခံယူနိုင်စေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်သည်ဟုလည်းကောင်း၊ ပုဒ်မခွဲ(ဆ)အဖြစ် ဆေးဝါးသုံးစွဲသူသည် ပုဒ်မခွဲ (စ) အရ တရားရုံးမှ ချမှတ်သော အမိန့်နှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုခြင်းမပြုလျှင် ဖြစ်စေ၊ ချမှတ်သော ခံဝန်ချက်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ ဆေးကုသမှုခံရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ အနည်းဆုံးသုံးလမှ အများဆုံးငါးလအထိ ပို့အပ်ခြင်းခံရမည်ဟုလည်းကောင်း၊ ပုဒ်မခွဲ(ဇ) အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပုဒ်မခွဲ(ဆ)အရ သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန(သို့) ပြန်လည်ထူထောင်ရေး စခန်းသို့ ပိုအပ်ခြင်းခံရသည့် ဆေးဝါးသုံးစွဲသူအား တာဝန်ယူ ကုသပေးရမည်ဟု လည်းကောင်း ပြင်ဆင်ရန် ထည့်သွင်းဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ ပါ ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်သည့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုဂေဟာတွင် မှတ်ပုံတင်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဆေးကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံးငါးနှစ်အထိ ချမှတ်ခြင်းခံရမည်ဟု ဖော်ပြထားသည်။

ယင်းပုဒ်မနှင့်ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉ ပုဒ်မခွဲ(ဆ)အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် (က) ထိုသူသည် အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ပါက လူမှုရေး လုပ်ငန်းတစ်ရက် နှစ်နာရီဖြင့် အနည်းဆုံးနာရီ ၁၈၀ မှ အများဆုံး နာရီ ၂၄၀ အထိ ချမှတ်ရမည်။ (ခ) အသက် ၁၆ နှစ် မပြည့်သေးသူဖြစ်ပါက လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းသို့ ပို့အပ်ရမည်ဟု ပြင်ဆင်ရန် ဖော်ပြထားသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကမူ ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉ ပုဒ်မခွဲ(ဆ)အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေး စခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် လူမှုအကျိုးပြု လုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ကြီးကြပ်သူရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်သည့် သတ်မှတ်ထားသောဝတ်စုံကို ဝတ်ဆင်လျက်တစ်ရက် နှစ်နာရီဖြင့် အနည်းဆုံးနာရီ ၁၈၀ မှ အများဆုံးနာရီ ၂၄၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ရန် အစီရင်ခံစာတွင် ထည့်သွင်းတင်သွင်းခဲ့သည်။

အမျိုးသားလွှတ်တော်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက “ပုဒ်မ ၁၅ တွင် ပထမအကြိမ်ဆိုပြီး ဖြည့်စွက်ချင်ပါတယ်။ လူမှုရေး ပြစ်ဒဏ်ချမှတ်ခြင်းဟာ တကယ်တမ်းကျတော့ ကမ္ဘာယှဉ်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု အဆင့်ကို မြှင့်တင်ခြင်းသာ ဖြစ်တယ်လို့ ကျွန်တော်က မှတ်ယူပါတယ်။ ဒါ့ကြောင့် ပုဒ်မ ၁၅ ကို လက်ခံပါတယ်။ သို့သော်လည်း အကြိမ်ကြိမ် ထပ်ပြီးတော့ ကျူးလွန်နေမယ် ဆိုရင်တော့ ဒါဟာ ပတ်ဝန်းကျင်ကိုရော၊ မိသားစုကိုရော ထိခိုက်လာနိုင်တဲ့အတွက် ဒုတိယအကြိမ် ဖောက်ဖျက်လို့ရှိရင် မူလချမှတ်တဲ့ ပြစ်ဒဏ်ရဲ့ နှစ်ဆကိုလည်းကောင်း၊ တတိယအကြိမ်နဲ့အထက် ကျူးလွန်သူများ အပေါ်မှာ ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမယ်လို့ ကျွန်တော်တော့ ဖြည့်စွက်ချင်ပါတယ်” ဟု ဆွေးနွေး တင်ပြခဲ့သည်။

ထို့ပြင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကိုကိုနိုင်က “မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ဆောင်ရွက်ခြင်းဟာ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အဆောက်အအုံ၊ အထောက်အကူပြု ကိရိယာ၊ ကျွမ်းကျင်ဝန်ထမ်း၊ ဘဏ္ဍာငွေ လိုအပ်ချက်တွေ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဤဥပဒေ အတည်ဖြစ်သွားပါက သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ လိုက်ပါ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အခြေခံ လိုအပ်ချက်တွေကို စီမံချမှတ် အကောင်အထည်ဖော်ပြီးမှသာ ပြင်ဆင်ရန်နဲ့ လတ်တလော ပြင်ဆင်ပြဋ္ဌာန်းဖို့ မသင့်သေးပါဘူး” ဟု ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်က မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေး အကျိုးပြုလုပ်ငန်းများအား တစ်ရက် နှစ်နာရီဖြင့် အနည်းဆုံးနာရီ ၂၄၀ မှ အများဆုံးနာရီ ၃၆၀ အထိ ဆောင်ရွက်ရမည့် အချက်များအပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား သြဂုတ် ၁၆ ရက်တွင် အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ဒီမူးယစ်ဥပဒေကို ပြင်ဆင်တာကတော့ နိုင်ငံတကာမှာလည်း ဒီလိုပြစ်ဒဏ်တွေပေးတယ်။ အရင်က ဆေးပြားတစ်ပြားမိလည်း ဒီပြစ်ဒဏ်ပဲ။ အများကြီးမိလည်း ဒီပြစ်ဒဏ်ပဲ ဖြစ်နေတယ်။ ဒါကြောင့် ပြင်ဆင်ရခြင်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြင်သင့်တဲ့အတွက် အဆိုတင်လာခြင်း ဖြစ်ပါတယ်။ အခုလို ပြင်ဆင်တာကို သဘောမတူသူတွေလည်း ရှိပါတယ်။ ဆေးသုံးစွဲသူတွေ များလာမယ် စသဖြင့်ပေါ့။ ဥပဒေဆိုတာကတော့ တစ်ခါတည်း ပြင်လို့မပြီးပါဘူး။ အသုံးပြုနေရင်းနဲ့ လိုအပ်တာတွေ တွေ့လာရင်လည်း ပြင်ဆင်ရမှာပါ” ဟု မှတ်ချက်ပြုထားသည်။

ဥပဒေကြမ်း၏ အခန်း ၇ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်စေခြင်း အခန်းတွင် ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉ ပုဒ်မခွဲ(ဆ)အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်း ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် လူမှုအကျိုးပြု လုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်း၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြီးကြပ်သူရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်ရက် နှစ်နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံးနာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင် ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၉ (က) ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားသည့် ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြု ဆေးကုသဌာန၊ ဂေဟာတွင် ဆေးကုသမှုခံယူ၍ မှတ်ပုံတင်ရမည်။ (ခ)မှတ်ပုံတင်ထားသော ဆေးဝါးသုံးစွဲသူအား ဆေးကုသပေးရေးနှင့် ဆေးကုသမှု ပြီးဆုံးပါက သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်းသို့ လွှဲပြောင်းပေးပို့ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လိုအပ်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။

ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ရှိနိုင်ငံတကာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြစ်မှုကြောင်းအရ အရေးယူသကဲ့သို့ အရေးယူခြင်း မပြုတော့ဘဲ ကျန်းမာရေးဆိုင်ရာ ပြဿနာခံစားနေရသူများအဖြစ် ရှုမြင်၍ ဆေးကုသမှုပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နေသည့် သွေးမှတစ်ဆင့် ကူးစက်သော ရောဂါအန္တရာယ်မှ လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစီအမံများ ထည့်သွင်းရန် လိုအပ်ခြင်း၊ ဥပဒေပါအချို့သော ပြဋ္ဌာန်းချက်များသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိသောကြောင့် ပြင်ဆင်ရန် လိုအပ်ခြင်း၊ မူးယစ်ဗဟိုအဖွဲ့သည် ရန်ပုံငွေ ထူထောင်နိုင်ရန်နှင့် ဆုချီးမြှင့်နိုင်ရန် လိုအပ်ခြင်း၊ ကျန်းမာရေးရှုထောင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်တို့မှ ချင့်ချိန်၍ ပြင်ဆင်ရန် လိုအပ်ခြင်း ရည်ရွယ်ချက်များဖြင့် ပြင်ဆင်ရေးဆွဲလာခြင်းဖြစ်ကြောင့် စိစစ်လေ့လာ တွေ့ရှိရသည်ဟု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်က ၎င်းဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုချက်များအနက် ၃၂ ချက်ကို သဘောတူ အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန် တင်ပြချက် ၂၆ ချက်ကို အတည်ပြုခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်က ဥပဒေကြမ်း၏ ပုဒ်မ ၁၅ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂ ကို အောက်ပါအတိုင်း အစားထိုးရမည် “၁၂။ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့သည် ပုဒ်မ ၁၅ အရ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်စေသော ဆေးဝါးသုံးစွဲသူအား လိုအပ်ပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်ပေးခြင်းကိုသော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းကိုသော်လည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်” ဟု ပြင်ဆင် အတည်ပြုခဲ့သည်။

ဆက်လက်၍ ဥပဒေကြမ်း၏ ပုဒ်မ ၉ ပုဒ်မခွဲ (ဃ) တွင် ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမ ဆေးစစ်ချက်ခံယူရန်နှင့် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှု ခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဌာန၊ ဂေဟာ သို့မဟုတ် အစိုးရက ဤကိစ္စအလို့ငှာ အသိအမှတ်ပြုထားသည့် အနီးဆုံးဆေးကုဌာန၊ ဂေဟာသို့ ဆောလျင်စွာ ပို့အပ်ရမည်။ ပုဒ်မခွဲ (င) သက်ဆိုင်ရာ ရဲအရာရှိသည် ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်သူအား စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားရမည်၊ ပုဒ်မခွဲ (စ) တရားရုံးသည် ပုဒ်မခွဲ (င) အရ လျှောက်ထားခြင်းခံရသူအား ဆေးစစ်ချက် ခံယူနိုင်ရေးနှင့် ဆေးကုသမှု ခံယူနိုင်စေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်သည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ အဲဒီမှာက နှစ်ပိုင်းရှိတယ်ဗျ။ နဂိုတုန်းက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဥပဒေပုဒ်မ ၁၆ နဲ့ အရေးယူ ဆောင်ရွက်တာရှိတယ်ပေါ့ဗျာ။ အခုဟာက ဒီမှာက မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို တွေ့ရှိလို့ရှိရင် ဆေးကုသမှုဂေဟာ၊ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာသို့ ပို့အပ်ရမယ်ပေါ့နော်။ ဒါပေမဲ့ ဆေးဝါးလက်ဝယ်ထားရှိတဲ့လူကတော့ နဂိုဥပဒေအတိုင်းပဲ အရေးယူ ဆောင်ရွက်မှာပေါ့။ ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စ။ အဓိက,က သုံးစွဲသူတွေကို နယ်စပ်တွေမှာ နည်းနည်းများနေတယ်ပေါ့ဗျာ ပြောရရင်တော့။ သုံးစွဲတဲ့သူတွေကို ဆေးဝါးကုသမှု ခံယူနိုင်အောင်ပေါ့ ဒီဥပဒေကို ပြန်ပြင်တာပေါ့။ သုံးစွဲတဲ့သူတွေမှာ ဆေးကုသမှုဂေဟာတို့ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတို့ ခံယူနိုင်အောင် ဒီဥပဒေကို ပြင်ဆင်ခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတင်ချိန်တွင် ဥပဒေကြမ်း ၁၁ ခု၏ အစီရင်ခံစာများ တင်သွင်းနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အစီရင်ခံစာ တင်သွင်းရန်ရှိကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားထားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ကျင်းပဖွယ်ရှိပြီး ၎င်းအစည်းအဝေးကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း ဆက်လက်ဆွေးနွေး အတည်ပြုရန်ရှိကြောင်း သိရသည်။

လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း သုံးခုဖြစ်သည့် ရွှေပြည်အေးလူငယ်များပြုစု ပျိုးထောင်ရေးစခန်း (ဖယ်ခုံ)၊ ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) နှင့် ရွှေပြည်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (တီးမ) တို့အနက် ရွှေပြည်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (တီးမ) သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှစ၍ လုံခြုံရေး အခြေအနေအရ ပိတ်သိမ်းခဲ့ကြောင်း၊ ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဖယ်ခုံ) သည် ၁၉၈၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ၂၈ ခု ဖွင့်လှစ်ခဲ့ကြောင်း မူးယစ်ဆေးစွဲလူနာ ၄၂၇ ဦးအား ဆေးဖြတ်ကုသပေးခဲ့ကြောင်း၊ ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း၌ သင်တန်းသားမရရှိသဖြင့် သင်တန်းများ မဖွင့်ဖြစ်သည်မှာ ယနေ့အထိဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင် အစိုးရက မူးယစ်ဆေးဖြတ် စခန်းများ တည်ဆောက်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး အဆိုပါဥပဒေကြမ်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ပြန်စမည့် လွှတ်တော်ပုံမှန်အစည်းအဝေး၌ ဆွေးနွေးအတည်ပြုဖွယ်ရှိသည်။

Most Read

Most Recent