ချောင်းဆုံကပေးသော သင်ခန်းစာနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

ချောင်းဆုံကပေးသော သင်ခန်းစာနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ
Published 26 December 2017

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကျင်းပခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်များအနက် NLD ပါတီအနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့သော်လည်း တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ်မဲဆန္ဒနယ်အချို့မှာ ရှုံးနိမ့်ခဲ့သည့်အတွက် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအား ပြည်နယ်မဲဆန္ဒနယ်များတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် နှိုးဆော်လိုက်သည့် အခြေအနေဖြစ်သောကြောင့် ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းခုနစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့ပြီး မဲဆွယ်စည်းရုံးရေးကာလ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရုတ်တရက် ကွယ်လွန်ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ကိုးနေရာဖြစ်သည့် မုံရွာမဲဆန္ဒနယ်၊ ချောင်းဆုံမဲဆန္ဒနယ်၊ အမ်းမဲဆန္ဒနယ်၊ လှိုင်သာယာမဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်၊ ကော့မှူးမဲဆန္ဒနယ်၊ ကျေးသီးမဲဆန္ဒနယ်၊ မိုင်းရှူးမဲဆန္ဒနယ်တို့ဖြစ်သည်။

ထို့အတူ အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် သုံးနေရာမှာ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ (ထန်တလန်)၊ ပဲခူးတိုင်းဒေသကြီးအမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၄ (ကျောက်တံခါး၊ ညောင်လေးပင်)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ (ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ) တို့ဖြစ်သည်။

ပြည်နယ်လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တို့ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ သတ်မှတ်ရက်မတိုင်မီ အမည်စာရင်း တင်သွင်းနိုင်ခြင်း မရှိခဲ့သည့်အတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ၁၈ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ်မဲဆန္ဒနယ်များမှ မိုင်းရှူးနှင့် ကျေးသီး နှစ်မြို့နယ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသဖြင့် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ကျန်မဲဆန္ဒနယ်များမှာ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ခြင်းနှင့် အချို့မှာ ကွယ်လွန်သွားသောကြောင့်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများအပြား ရှုံးခဲ့သည့်တိုင် NLD ပါတီအတွက် လက်ရှိအခြေအနေ ပြောင်းလဲခြင်းမရှိသော်လည်း နိုင်ငံရေးသိက္ခာပိုင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အားစမ်းသည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ပြီး ပြည်သူအများစုမှာ အစိုးရ အပြောင်းအလဲ ဖြစ်စေခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲလောက် စိတ်ဝင်စားမှုမရှိဘဲ မဲပေးမှု ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့ရာတွင် မိုင်းရှူးနှင့် ကျေးသီးကဲ့သို့ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းမရှိသည့် ဒေသများတွင်မူ မဲဆန္ဒရှင်များသည် အားတက်သရော မဲပေးခဲ့သည်ကို တွေ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက် မဲရလဒ်များ ထွက်လာချိန်တွင် NLD ပါတီသည် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်ကိုးနေရာ အနက် ငါးနေရာ၊ အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် သုံးနေရာအပြည့်၊ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် တစ်နေရာ အပါအဝင် ခုနစ်နေရာအနက် တစ်နေရာ စုစုပေါင်းကိုးနေရာ အနိုင်ရရှိခဲ့သည်။

NLD ပါတီအနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသည် တိုင်းဒေသကြီးတွင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိထားသည့် နေရာများဖြစ်ကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သုံးနေရာတွင် တစ်နေရာသည် ချင်းပြည်နယ်၌ ပါဝင်ပြီး အဆိုပါ သုံးနေရာနှင့် ရှမ်းပြည်နယ်လွှတ်တော်တွင် လစ်လပ်မဲဆန္ဒနယ် တစ်နေရာတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် နေရာများအား ပြန်လည်အနိုင်ရရှိခြင်း ဖြစ်သည်။

ကျန်မဲဆန္ဒနယ်များဖြစ်သည့် ရခိုင်ပြည်နယ်တွင် အမ်းမဲဆန္ဒနယ်၌ ရခိုင်အမျိုးသားပါတီ၊ မွန်ပြည်နယ်ချောင်းဆုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်နှစ်ခုတွင် မဲဆန္ဒနယ် ခြောက်နေရာစလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အနိုင်ရရှိခဲ့သည်။

မွန်ပြည်နယ် ချောင်းဆုံပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့သည့်နေရာ ဖြစ်သော်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သံလွင်တံတား (ချောင်းဆုံ) အား အမည်ပြောင်းလဲရန် ဆောင်ရွက်သည့် ကိစ္စရပ်ကြောင့် အဆိုပါ မဲဆန္ဒနယ်တွင် NLD ပါတီပေါ် လူထုထောက်ခံမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် အဓိက ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်ရှိ လွှတ်တော်သုံးရပ်တွင် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအနက် ခုနစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြောက်နေရာ အနိုင်ရရှိခဲ့သည့်အတွက် ၎င်းတို့၏ အောင်မြင်မှုသည် ရာခိုင်နှုန်းအားဖြင့် များပြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အနိုင်မရရှိဘဲ ရှမ်းပြည်နယ် အပါအဝင် အခြားနေရာများတွင် ရှုံးနိမ့်ခဲ့ခြင်းသည် မဲလာမပေးသူ ရာခိုင်နှုန်း များသောကြောင့် ဖြစ်ကြောင်းနှင့် အရှုံးအား မချင့်မရဲမဖြစ်ဘဲ မျှော်မှန်းထားပြီးဖြစ်ကြောင်း ထိုစဉ်အချိန် NLD ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရွေးကောက်ပွဲရလဒ်ကြေညာအပြီး ဧပြီ ၂ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများအား အပြန်အလှန် ကန့်ကွက်ခဲ့သည့် အမှုခြောက်မှုရှိခဲ့ပြီး အမှုအားလုံးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်မှ ရှုံးနိမ့်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်အား အဆိုပါ မဲဆန္ဒနယ်တွင် ဒုတိယ ခိုင်လုံမဲအများဆုံးရရှိသူ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက တရားမဲ့ပြုကျင့်မှုဖြင့် ကန့်ကွက်သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးခဲ့ပြီး မူလပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ကိုသာ အနိုင်ပေးခဲ့သည်။

ထိုသို့ အနိုင်ပေးမှုအပေါ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက အယူခံတက်ရာတွင် မူလအောက်ခုံရုံး၏ ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်၍ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ပေးခဲ့သည့်အပေါ် ကျေနပ်မှုမရှိကြောင်းနှင့် ကော်မရှင်သည် ဘက်လိုက်မှုရှိနေကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ထုတ်ဖော်ပြောကြားခဲ့သည်။

သို့ဖြစ်၍ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်ရှိ ညောင်ရွှေမဲဆန္ဒနယ်တို့တွင် NLD ပါတီအနေဖြင့် အနိုင်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အပြောင်းအလဲ တစ်ရပ်ကို ပြည်သူလူထုက မျှော်လင့်သည့် ရွေးကောက်ပွဲမျိုး ဖြစ်မလာနိုင်သောကြောင့် တိုင်းရင်းသားဒေသများတွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီများအား အနိုင်ရရှိရန် ခက်ခဲမည့် အခြေအနေ ရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

Most Read

Most Recent