နိုင်ငံရေးအရ အရေးပါခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်များ

နိုင်ငံရေးအရ အရေးပါခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်များ
Published 26 December 2017

ဒီဇင်ဘာ ၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင်ပင်း တွေ့ဆုံစဉ် (Photo: MSCO)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း နှစ်ကြိမ်တိုင် သွားရောက်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော Belt and Road Forum for International Cooperation အစည်းအဝေးသို့ တက်ရောက်ရန် ယခုနှစ် မေလအတွင်းက တရုတ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းနှင့် သီးခြားတွေ့ဆုံရာတွင် တရုတ်သမ္မတ ရှီကျင်ပင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးတွင် လိုအပ်သော ထောက်ပံ့မှုနှင့်အတူ မြန်မာနိုင်ငံအား ဆက်လက် ကူညီသွားရန် တရုတ်က ဆန္ဒရှိကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆောင်းဆိုခဲ့မှု ပြုလုပ်ခဲ့ကြောင်း ထိုစဉ်အချိန်က တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းတို့ သီးခြားတွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုအပြီး ၎င်းတို့ရှေ့မှောက်တွင် နှစ်နိုင်ငံ တာဝန်ရှိသူများက မြန်မာနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ငါးခုဖြစ်သည့် “စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်”၊ “စီးပွားရေးပိုးလမ်းမ ရပ်ဝန်းတစ်ခုနှင့် (၂၁) ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်” နှင့် “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” များကို လက်မှတ်ရေးထိုးခဲ့သည်။

Belt and Road Forum for International Cooperation အစည်းအဝေးသို့ တက်ရောက်နေစဉ် ကာလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွစ်ဇာလန်နိုင်ငံသမ္မတ၊ သီရိလင်္ကာ၊ ပိုလန်နှင့် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်တို့နှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးသည်။

ထို့ပြင် အဆိုပါခရီးစဉ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့်ဟုဆိုကာ တရုတ်နိုင်ငံက နှင်းဆီပန်းမျိုးစိတ်သစ်အမည်ကို “အောင်ဆန်းစုကြည်နှင်းဆီ” ဟု အမည်ပေးခဲ့ပြီး ယင်းအမည်ပေးပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ခဲ့ကာ ထိုသို့တရုတ်နိုင်ငံ၏ ပြုမူဆောင်ရွက်မှုသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် အလေးထားသည့် သဘောပြသခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေး မြှင့်တင်ရန် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် ဒုတိယအကြိမ် အလုပ်သဘော ချစ်ကြည်ရေးခရီးသွားခဲ့သည်။

ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒုတိယအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည့်သတင်းအား နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင်များသာ တက်ရောက်ရသောကြောင့်ဟုဆိုကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါတီလုပ်ငန်းများ ဝင်ရောက် ဆောင်ရွက်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်ထိ တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ် သွားရောက်ခြင်းကြောင့်လည်း အဆိုပါ ဒုတိယအကြိမ် ခရီးစဉ်အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူများအကြား စိတ်ဝင်တစား ဖြစ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင် ကိုယ်တိုင်လက်ခံ တွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့်နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသော်လည်း ပြည်ထောင်စုဝန်ကြီးတာဝန်များအား ထမ်းဆောင်နေသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်း၊ ပါတီမှ ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသို့ သွားရောက်ချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရန် အထူးဧည့်သည်တော်အဖြစ် တရုတ်နိုင်ငံအစိုးရက ဖိတ်ကြားခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် ပါတီလုပ်ငန်းဆောင်ရွက်ခွင့်ရှိသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ခေါ်ဆောင်သွားသောကြောင့် ခရီးစဉ်အပေါ်ဝေဖန်မှုများ ရပ်တန့်ခဲ့သည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများလည်း လိုက်ပါသွားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒီဇင်ဘာ ၁ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီက ကျင်းပသည့် အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ မတက်ရောက်မီ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖြစ်ထွန်းပြီးဖြစ်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မည့် စီမံကိန်းကြီးများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက်အကူအညီပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံတွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်သူ့ခန်းမဆောင် ဒုတိယထပ်တွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေး (ပထမပိုင်း)သို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး အပါအဝင် မြန်မာအစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်အား တာဝန်ပေးကာ ဆောင်ရွက်စေလျက်ရှိသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်း တည်ဆောက်ရေးအား ၎င်း၏တာဝန်သက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထိုစဉ်အချိန်က သမ္မတဦးသိန်းစိန်က ကြေညာချိန်မှစတင်၍ မြန်မာအစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လာချိန်တွင် မြန်မာ-တရုတ်ဆက်ဆံရေးမှာ အနည်းငယ် အေးစက်ခဲ့ပြီး ရခိုင်ပဋိပက္ခများ ဖြစ်ပွားချိန်တွင် မြန်မာ-တရုတ်ဆက်ဆံရေး အခြေအနေမှာ ပြန်လည်နီးကပ်လာသည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ရခိုင်ပြည်နယ်တွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိသွားသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာအစိုးရနှင့် တပ်မတော်အား စွပ်စွဲမှုများအပေါ် တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင်လည်းကောင်း၊ အခြားသီးခြားပုံစံဖြင့်လည်းကောင်း ကာကွယ်ပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေးအတွက် တရုတ်နိုင်ငံအား ပုံအပ်ပြီး ဆောင်ရွက်၍မရဘဲ ပြည်တွင်းပြဿနာဖြစ်သည့်အတွက် ပြည်တွင်း၌သာ စဉ်းစားရမည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးရရှိအောင် ကူညီခြင်းထက် စီမံကိန်းများ ဆောင်ရွက်ရန် တာစူနေကြောင်း တရုတ်နိုင်ငံအရေး လေ့လာသူအချို့က သုံးသပ်ပြောကြားထားသည်။

ယခုနှစ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဧပြီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာကျန်းတဲ့ကျန်းတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံသမ္မတရှီကျင်ပင်းတို့ ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများက နှစ်နိုင်ငံအစိုးရအကြား ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမဝင်တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်း ရောင်းချခြင်း ကိစ္စရပ်များကို ကာကွယ် ဟန့်တားနိုင်ရေးအတွက် သဘောတူညီမှုစာချုပ်၊ စီးပွားရေးနှင့် အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ ပို့ဆောင်ရေးကဏ္ဍနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာနှစ်စောင်တို့ လက်မှတ်ရေးထိုးခဲ့သေးသည်။

အစိုးရတာဝန် စတင်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ချစ်ကြည်ရေးခရီးစဉ်အဖြစ် ငါးရက်ကြာ သွားရောက်ခဲ့ပြီး စုစုပေါင်း တရုတ်နိုင်ငံသို့ အစိုးရတာဝန်ဖြင့် သုံးကြိမ်သွားရောက်ထားသည်။

Most Read

Most Recent