သမိုင်းဝင်စေခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံး မြန်မာခရီးစဉ်

သမိုင်းဝင်စေခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံး မြန်မာခရီးစဉ်
Published 26 December 2017

နိုဝင်ဘာ ၂၉ ရက်က ကျိုက္ကဆံကွင်းတွင် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းခြင်း မစတင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းပွဲတက်ရောက်လာသည့် လူထုအကြား မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှုတ်ဆက်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မြန်မာနိုင်ငံသို့ လေးရက်ကြာ သမိုင်းဝင်လာရောက်ခဲ့သည့် ခရီးစဉ်ကို ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်မည်ဖြစ်ကြောင်း ဗာတီကန်က သြဂုတ် ၂၈ ရက်တွင် တရားဝင် ကြေညာချက် ထုတ်ပြန်သည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ ကက်သလစ်ဘာသာဝင်များအပြင် အခြားဘာသာဝင်များကလည်း စိတ်ဝင်တစားဖြစ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် မေလအတွင်း ဥရောပခရီးစဉ် သွားရောက်ရာတွင် ဗာတီကန်နန်းတော်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် စတင်ထူထောင်ခဲ့ခြင်းသည် ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ် အစကနဦးပင်ဖြစ်သည်။

ဗာတီကန်မြို့ပြနိုင်ငံအား ပုပ်ရဟန်းမင်းကြီးက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားခြင်းဖြစ်ပြီး ကက်သလစ်အသင်းတော်၏ အစိုးရ (Holy See) က အုပ်ချုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် စတင်ရောက်ရှိလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ခေတ္တတည်းခိုနေထိုင်မည့် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလစ်စ်ဘို၏ နေအိမ်သွားရာလမ်းတစ်လျှောက် စုရပ်များတွင် ပုပ်ရဟန်းမင်းကြီးအား ကက်သလစ် ဘာသာဝင်များသာမက ပြည်သူအများအပြားက ကြိုဆိုခဲ့ကြသည်။

မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်မှုများခံနေရချိန်နှင့် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ လာရောက်ချိန်သည်လည်း တိုက်ဆိုင်မှုရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ရောက်ရှိသည့် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုပ်ရဟန်းမင်းကြီးအား ခေတ္တတည်းခိုနေထိုင်သည့် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးနေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုသတင်းအား နှစ်ဖက်လုံးမှ ထုတ်ပြန်ခဲ့သော်လည်း သတင်းဓာတ်ပုံ ထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရန်ကုန်မြို့၌ ခေတ္တတည်းခိုနေစဉ် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

နေပြည်တော်သို့ရောက်ရှိချိန်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲ့သည်။

အလားတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် နေပြည်တော်သို့ ရောက်ရှိနေချိန်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် သံတမန်အမှုထမ်းများအား မိန့်ခွန်း ပြောကြားခြင်း အစီအစဉ် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

နယ်အသီးသီးမှ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကက်သလစ်ဘာသာဝင်များသည် နိုဝင်ဘာ ၂၉ ရက် နံနက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မစ္ဆားတရားတော်မြတ်ပူဇော်ဝတ်ပြု ဆုတောင်းပွဲပြုလုပ်မည့် ကျိုက္ကဆံကွင်းသို့ နိုဝင်ဘာ ၂၈ ရက် ညအချိန်ကတည်းက ဝင်ရောက်၍ ညအိပ်စောင့်ဆိုင်းခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လူထုပရိသတ်နှင့် မစ္ဆားတရားတော်မြတ်ပူဇော်ဝတ်ပြု ဆုတောင်းပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ ကက်သလစ်သာသနာ နယ်အသီးသီးမှ ကက်သလစ်ဘာသာဝင် သိန်းချီတက်ရောက်ခဲ့ပြီး ဂိုဏ်းကွဲခရစ်ယာန် ဘာသာဝင်များ၊ ဖိတ်ကြားထားသည့် အခြားဘာသာဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ လူဦးရေ များပြားသော်လည်း ကွင်းအတွင်း ကြိုတင်စီစဉ်ထားသည့်အတိုင်း စနစ်တကျ နေရာယူကာ ဆုတောင်းမှုပြုလုပ်ခဲ့ပြီး ပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ ငြိမ်းချမ်းစွာ ကျင်းပခဲ့သည်ကို တွေ့ရသည်။

အဆိုပါ မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းခြင်းမစတင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာသည့် လူထုအကြား မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှုတ်ဆက်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လူထုပရိသတ်နှင့် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး ကိုင်ဆောင်ခဲ့သည့် သိုးထိန်းတောင်ဝှေးတော်မှာ ပုပ်ရဟန်းမင်းကြီးခရီးစဉ်အား မပါဝင်နိုင်ကြသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ဒဏ်ခံနေရသည့် IDP ဒုက္ခသည်စခန်းများမှ ကက်သလစ်ဘာသာဝင်များက ကိုယ်တိုင်ထုလုပ်၍ လက်ဆောင် ပေးအပ်ခဲ့သည့် တောင်ဝှေးတော်လည်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆောင်ပုဒ်မှာ “Love & Peace” “ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်း” ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၁၇ ပါး တတိယအဖွဲ့ခွဲနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဦးဆောင်သော အဖွဲ့တို့သည် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်တွင် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ မလာရောက်မီတွင် ရခိုင်အရေးနှင့်ပတ်သက်၍ ထိလွယ်ရှလွယ်ဖြစ်သော အသုံးအနှုန်းများ ပြောကြားမည်ကို မြန်မာနိုင်ငံရှိ ကက်သလစ်ဘာသာဝင် အသိုင်းအဝိုင်းက စိုးရိမ်မှုများရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တာဝန်ရှိသူအချို့က မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးခရီးစဉ်သည် ရခိုင်အရေးကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကက်သလစ်သာသနာအတွက် လာရောက်ခြင်းသာဖြစ်ကြောင်း ကြိုတင်ရှင်းလင်းခဲ့ရသည်။

အလားတူ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံမလာရောက်မီ ရက်ပိုင်းအလိုတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်သည် ပုပ်ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံမှု ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံရှိ ကက်သလစ်ဘာသာဝင်များ စိုးရိမ်ခဲ့သော်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ပြောဆိုခဲ့သည့် စကားလုံး အသုံးအနှုန်းများတွင် ရခိုင်အရေးကိစ္စအား ပြောကြားခဲ့ခြင်းမရှိသဖြင့် နိုင်ငံတကာမီဒီယာအချို့နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အချို့က ဝေဖန်ခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်အတွင်း ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် အကျပ်အတည်းအား ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သော်လည်း ပုပ်ရဟန်းမင်းကြီး၏ Moral authority (မူများ သို့မဟုတ် အခြေခံ အမှန်တရားများအား တာဝန်ယူသည့်သြဇာ) ကျဆင်းခဲ့ခြင်းမရှိကြောင်း ဗာတီကန် နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လေးရက်ကြာခရီးစဉ်အတွင်း ဘင်္ဂါလီ အရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို လက်တွေ့ကျကျ သိမြင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် ပုပ်ရဟန်းမင်းကြီးက အားပေးချီးမွမ်းခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်မိကြောင်း ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အပြီး မြန်မာနိုင်ငံ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ဖာသာစိုးနိုင်က ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၉ ရက်ညပိုင်းတွင် စိန့်မေရီကာဒီဒြယ် ဘုရားကျောင်းတွင် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများနှင့်တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် စိန့်မေရီကာဒီဒြယ်၌ပင် ကက်သလစ်ဘာသာဝင်လူငယ်များနှင့် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲပြုလုပ်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိချိန်တွင် ပုပ်ရဟန်းမင်းကြီးသည် ဘင်္ဂါလီဒုက္ခသည်အချို့အား တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် ရိုဟင်ဂျာဟု တစ်ကြိမ်ခေါ်ဝေါ် သုံးစွဲခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Jorge Mario Bergolio) ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တွင် မွေးဖွားခဲ့သည်။

ဓာတုဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ကက်သလစ်ခရစ်ယာန်ရဟန်းဖြစ် သင်ကျောင်းသို့ တက်ရောက်ခဲ့ပြီး ၁၉၅၈ ခုနှစ် မတ် ၁၁ ရက်တွင် ယေဇူး၏ မိတ်ဆွေများ အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် Archbishop Romom Jose Castellano က ၎င်းအား ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ကျောင်းအုပ်၊ ဝိညာဉ်ရေးလမ်းညွှန်၊ အာပတ်ဖြေပေးသူ၊ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် ရဟန်းအမတ် (ကာဒီနယ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် ၂၀၁၃ ခုနှစ် မတ် ၁၃ ရက်တွင် ရိုမန်ကက်သလစ်သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခြင်းဖြစ်သည်။

“ရဟန်းမင်းကြီး ကြွလာခြင်းဟာ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့နောင်အချိန်မှာ လာမယ့်လတွေမှာ သူ့ရဲ့ရလဒ်ကိုကြည့်ပြီးတဲ့နောက် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ သိရမှာဖြစ်ပါတယ်။ ရဟန်းမင်းကြီးမိန့်ဆိုတဲ့စကား၊ မိန့်ခွန်းတွေထဲမှာဆိုရင် နိုင်ငံတော်ရဲ့အစိုးရအတွက်လည်းပဲ လုပ်ဖော်ရမယ့်၊ ပါဝင်ပတ်သက်ရမယ့် လုပ်ငန်းတွေရှိသလို၊ နိုင်ငံတော်ရဲ့ တပ်မတော်မှာလည်းပဲ ရဟန်းမင်းကြီးအနေနဲ့က မှာထားချက်တွေလည်းပဲ ရှိပါတယ်။ ဒီဟာအပြင် ဘာသာရေးခေါင်းဆောင်များအတွက် လုပ်ရမယ့်ကိစ္စ၊ ဒါတင်မကဘဲပဲနဲ့ ဗုဒ္ဓဘာသာ သံဃာတော်များအတွက်လည်းပဲ ရဟန်းမင်းကြီးမှာထားတဲ့ အချက်တွေရှိသလို၊ ဒီကက်သလစ် အသင်းတော်အတွက် ဆရာတော်ကြီးများနဲ့ နောက်ဆုံးလူငယ်များတိုင်အောင် ရဟန်းမင်းကြီးမှာပေးထားတဲ့ လမ်းညွှန်ထားတဲ့ အရာတွေတော်တော်များများ ရှိပါတယ်။ ဒီရဟန်းမင်းကြီး ကြွလာတဲ့ခရီးစဉ်က ဆုံးသွားပေမယ့် ကျွန်တော်တို့မြန်မာပြည်အတွက် အားလုံးအတွက်၊ ကောင်းကျိုးအတွက်လုပ်ရမယ့် လုပ်ငန်းဟာ အစနိဒါန်းပဲရှိပါတယ်။ အားလုံးကြိုးစားသွားမှသာလျှင် လာမယ့်လတွေ၊ နှစ်တွေရဲ့ ရလဒ်ပေါ်မူတည်ပြီးတဲ့နောက် အကျိုးရှိတယ်၊ မရှိဘူးဆိုတာ အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလစ်စ်ဘိုက Radio Veritas Asia Myanmar Service ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

Most Read

Most Recent