NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်က ပထမဦးဆုံးနုတ်ထွက်ခဲ့သည့် ဦးမင်းမင်းဦး

NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်က ပထမဦးဆုံးနုတ်ထွက်ခဲ့သည့် ဦးမင်းမင်းဦး
Published 26 December 2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းခံရမှုအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဦးမင်းမင်းဦးအား တွေ့ရစဉ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးတာဝန်မှ နုတ်ထွက်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် အစိုးရလက်ထက်တွင် ပထမဆုံးဖြစ်သဖြင့် ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က ဖေဖော်ဝါရီ ၂၃ ရက်တွင် အမိန့်အမှတ် (၃/ ၂၀၁၇)ဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား ဝန်ကြီးချုပ်နှင့် ဝန်ကြီးရာထူးများမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ တရားဝင် နိုင်ငံတော်သမ္မတက ဦးမင်းမင်းဦးအား နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာမထုတ်ပြန်မီ ကတည်းကပင် ဦးမင်းမင်းဦးသည် ပါတီတွင် စုံစမ်းစစ်ဆေးမှုကို ဦးစွာခံခဲ့ရပြီးနောက် ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်ရာထူးနှင့် ဝန်ကြီးရာထူးများမှ နုတ်ထွက်စာအား နိုင်ငံတော်သမ္မတထံသို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးမင်းမင်းဦးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူဖြစ်ပြီး မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစွာရွေးချယ် တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ် တာဝန်နှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။

ဦးမင်းမင်းဦးသည် တိုင်ကြားခံရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာများကြောင့် တိုင်ကြားခံရသည်ကို လက်ရှိအချိန်အထိ မည်သူမျှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ တိုင်ကြားခံရမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၆ ခုနှစ် နိုဝင်ဘာ၂၈ ရက်တွင် လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စုံစမ်းတွေ့ရှိချက်အရ ဦးမင်းမင်းဦးတွင် အချက်အချို့ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် လေ့လာသုံးသပ်ရေးအဖွဲ့က ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ အစီရင်ခံခဲ့သည်။

ထို့နောက် အုပ်ချုပ်ရေးပိုင်းက မည်သို့ အရေးယူ ဆောင်ရွက်မည်ကို နယ်ပယ်အသီးသီးမှ စောင့်ကြည့်နေချိန်တွင် ဦးမင်းမင်းဦးက နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတာဝန်မှ နုတ်ထွက်ချိန်တွင် ဦးမင်းမင်းဦးက မီဒီယာတစ်ခုအား ဖြေကြားရာတွင် ပါတီအားမကြိုက်၍ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ်တွင်လည်း လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖြေကြားမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား တရားဝင် နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်မထုတ်ပြန်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဦးမင်းမင်းဦးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံကာ ၎င်းအနေဖြင့် နုတ်ထွက်ခြင်းမှာ ပါတီအားမကြိုက်၍ မဟုတ်ကြောင်း၊ အနားယူလိုသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ နုတ်ထွက်ရာတွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပါ နုတ်ထွက်မည်ကို အားလုံးနုတ်ထွက်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း၊ အင်တာဗျူးပြုလုပ်စဉ်က အမှတ်မထင်ပါသွားခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အမေ (ဒေါ်အောင်ဆန်းစုကြည်)ကို ချစ်သည့်အတွက် NLD ပါတီဝင်ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပါတီတစ်ခုဝင်ရောက်ပါက ပါတီစည်းမျဉ်းစည်းကမ်းနှင့်အညီ ဝင်ရောက်ရမည်ဖြစ်ပြီး ပြန်ထွက်လိုပါက ထွက်လို့ရကြောင်းကို ပြောလိုက်ခြင်းသာဖြစ်ကြောင်း၊ နုတ်ထွက်သည့်နောက်ပိုင်းတွင်လည်း NLD ပါတီအတွက် တတ်နိုင်သရွှေ့ ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရသည်။

ဦးမင်းမင်းဦးအား ဝန်ကြီးချုပ်ရာထူးမှ မနုတ်ထွက်စေရေးအတွက် ဒေသခံပြည်သူ ၁၀၀ ခန့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် လာရောက် တောင်းဆိုမှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့သေးသည်။

လက်ရှိတွင် ဦးမင်းမင်းဦးသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာဝန်အား ဆက်လက်ထမ်းဆောင်လျက် NLD ပါတီမှလည်း နုတ်ထွက်ထားခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ ဦးမင်းမင်းဦး နုတ်ထွက်ပြီးနောက်တွင် ဝန်ကြီးချုပ်အသစ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးဇံအား ခန့်အပ်ခဲ့သည်။

ဒေါက်တာအေးဇံသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးချယ်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်သည်။
ဦးမင်းမင်းဦးကဲ့သို့ပင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည်လည်း တိုင်ကြားခံရပြီး အဆိုပါ တိုင်ကြားမှုအပေါ် ပါတီလေ့လာသုံးသပ်ရေး အဖွဲ့က စစ်ဆေးရာတွင် တစ်ဦးမှာ ဂုဏ်သိက္ခာနှင့် မလျော်ညီသော အလုပ်လုပ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့ပြီး မည်သို့အရေးယူခဲ့သည်ကို မသိရှိရပေ။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှာ လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အားနည်းခြင်းနှင့် လွှတ်တော်တင်ဒါခေါ်ယူရာတွင် နီးစပ်သူများအား ချထားပေးသောကြောင့် ပြန်လည် စိစစ်ပေးရန် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ် ၁၉ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ပါတီတာဝန်ရှိသူများထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားခံခဲ့ရသည့်ကာယကံရှင်များ ထိုစဉ်အချိန်က ပြောကြားခဲ့သည်။

NLD ပါတီဦးဆောင်သော အစိုးရသစ်လက်ထက်တွင် ဦးမင်းမင်းဦး နုတ်ထွက်ခြင်းသည် ဝန်ကြီးချုပ်များအနက် ပထမဦးဆုံးဖြစ်ပြီး အဆိုပါကိစ္စရပ်မတိုင်မီ ၂၀၁၆ ခုနှစ်ကလည်း စိုက်ပျိုးရေးနယ်ပယ်တွင် ကောင်းသတင်းဖြင့် လူသိများသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းသည် တာဝန်ထမ်းဆောင်ပြီး ခြောက်လကျော်အကြာတွင် ပထမဆုံးအဖြစ် ဒုတိယဝန်ကြီးတာဝန်မှ ရပ်စဲခံရပြီး ထိုသို့တာဝန်ရပ်စဲမှုအပေါ် ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သေးသည်။

Most Read

Most Recent