ကူကယ်ရာမဲ့နေဆဲ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ

ကူကယ်ရာမဲ့နေဆဲ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ
Published 26 December 2017

မြန်မာနိုင်ငံတွင် ၉၈ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နေသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ပင်ဖြစ်သည်။တိုင်းပြည်စီးပွားရေး တိုးတက်စေရန် SMEs များဖွံ့ဖြိုးရေးများစွာ အရေးပါသော်လည်း လက်ရှိအချိန်အထိ SMEs အများစု ရုန်းကန်နေရဆဲဖြစ်သည့် အခြေအနေကို ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။

လက်ရှိအစိုးရလက်ထက် သက်တမ်းတစ်နှစ်ကျော်ချိန်အထိ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ (SMEs ) ဖွံ့ဖြိုးရေး နှင့်ပတ်သက်ပြီး လုပ်ဆောင်မှုများ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်မှုမရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဝန်ခံပြောကြားထားသည်။

မြန်မာနိုင်ငံရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများမှာ တိုင်းပြည်စီးပွား ရေးလုပ်ငန်းအားလုံး၏ ၉၈ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး လက်ရှိအချိန်၌ အစိုးရက SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်နေသော်လည်း တစ်နှစ်ကျော်လာသည့်အချိန်အတွင်း ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်မှုမရှိဟု အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဓိကသက်ဆိုင်သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ခံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် SME ကဏ္ဍမှာ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်မူ SME ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြိုးစားလျက်ရှိသည့်အခါတွင် တစ်နှစ်ကျော်ကြာသည်အထိ ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် ဖြစ်ထွန်းလာသည်ကို မတွေ့ရသေးကြောင်း ဦးခင်မောင်ချိုက ဆိုသည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME National Strategy ကို ချမှတ်ရေးနှင့် ထိရောက်စွာ ဖော်ဆောင်ရေးလိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်သိန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်း ပျံ့နှံ့နေသည့် SME များအား အသင်းအဖွဲ့တစ်ရပ်ဖွဲ့စည်း၍ ကိုယ်စားပြုကူညီထောက်ပံ့နိုင်ရေး၊ မြန်မာ့ SME များ ဈေးကွက်အချက်အလက်များ ရရှိနိုင်ရန်နှင့် ဖွံ့ဖြိုးရေးသုတေသနများ ပြုလုပ်နိုင်ရန် SME Information Center လုပ်ငန်းမှတ်ပုံတင် One – stop Center နှင့် SME Research Center များ တည်ထောင်နိုင်ရေးနှင့် SME ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများချမှတ်ထား ပြီးဖြစ်သော်လည်း နောင်အနာဂတ် နှစ် ၃၀၊ နှစ် ၄၀ စသည်ဖြင့် SME ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များနှင့် SME National Strategy ကို ချမှတ်ရေးနှင့် ထိရောက်စွာ ဖော်ဆောင်ရေး လိုအပ်နေသည်ဟု ဒေါက်တာ အောင်သိန်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် စတင်တည်ထောင်သည့် SME လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး အခွန်သက်ညှာခွင့် ရရှိစေရေး၊ SME လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်တည်ထောင်ကာ သီးသန့်ချေးငွေ အစီအစဉ်များချမှတ်ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းများ အသုံးပြုနေသည့် စက်များ၊ ယန္တရားတင်သွင်းခြင်းအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိစေရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ (Social Enterprises ) အခွန်သက်ညှာခွင့် ရရှိစေရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းအဖြစ် သီးသန့်မှတ်ပုံ တင်စနစ်ချမှတ်ကာ အားပေးရေးများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ဒေါက်တာအောင်သိန်းက ဆက်လက်ပြောကြားသည်။

အစိုးရက ထူထောင်မည့် SME Working နှင့် SME Agency ပေါ်ပေါက်လာမည်ဖြစ်ပြီး လက်ရှိတွင် SME များအတွက် အဖွဲ့ဝင်ကတ်များ ထုတ်ပေးနေကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အလားအလာများစွာရှိကြောင်း၊ လောလောဆယ် ထုတ်လုပ်မှုကဏ္ဍတွင် လျော့နည်းနေသည့်အတွက် ပြန်ပြီးတိုးတက်လာအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လိုပါက သွင်းအားစုများ လိုအပ်ကြောင်း၊ ရေ၊ မီး၊ လျှပ်စစ် ပုံမှန်ရရှိရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ အမြန်ဆုံးတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဦးကိုကိုလွင်က ဆိုသည်။

ဒုတိယသမ္မတဦးမြင့်ဆွေက  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား မြှင့်တင်သွားရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေး ဝန်းကျင်ကောင်းများရရှိရေးတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလ ုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားထားသည်။

ASEAN SME Policy Index အရ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် Policy Index အနေဖြင့် အမြင့်ဆုံး တွင်ရပ်တည်နေပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှာ အနိမ့်ဆုံးအခြေအနေတွင် ရပ်တည်နေကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် SME Development Policy Index မြင့်မားစေရေး အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၉၉ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများသည် SMEs များဖြစ်ပြီး SMEs များအောင်မြင်မှသာ နိုင်ငံ့စီးပွားရေး အောင်မြင်မည်ဆိုခြင်းကို ထူးထူးထွေထွေ ရှင်းပြစရာမလိုကြောင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Most Read

Most Recent