မြစ်ဆုံနှင့် OBOR တရုတ်အကျိုးစီးပွားမဟာဗျုဟာထဲမှာ မနစ်မွန်းဖို့ ကြိုးပမ်းရမည့် မြန်မာ

မြစ်ဆုံနှင့် OBOR တရုတ်အကျိုးစီးပွားမဟာဗျုဟာထဲမှာ မနစ်မွန်းဖို့ ကြိုးပမ်းရမည့် မြန်မာ
Published 26 December 2017

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဝန်းကျင်ကို ဝေဟင်မှ တွေ့ရစဉ်

တပ်မတော်အစိုးရလက်ထက် ဂယက်တစ်ခုဖြစ်ခဲ့သော မြစ်ဆုံစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာတစ်နိုင်ငံလုံး၏ ကန့်ကွက်မှုဖြင့် ရပ်ဆိုင်းခဲ့သော်လည်း အပြီးမဖြတ်နိုင်သဖြင့် လက်ရှိအစိုးရလက်ထက်တွင် တစ်ကျော့ပြန်ဖြေရှင်းနေရသည်။

အာဏာရရင် စာချုပ်ချပြမည်ဆိုသော ကတိစကားသည် နှစ်နှစ်ပြည့်လုအချိန်အထိ ဖြစ်မလာသေးသည့်အပြင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းပြီးနောက် ကော်မရှင်၏ အစီရင်ခံစာသည်လည်း သတ်မှတ်ကာလကျော်လွန်၍ တစ်နှစ်ကျော်လာချိန်အထိ ပြည်သူများ သိမြင်ကြားခွင့် မရှိသေးချေ။

ထိုသို့သောအခြေအနေဝယ် မြန်မာပြည်သူများ ထပ်ဆင့်ရင်ဆိုင်လာရသည့် ပြဿနာမှာ တရုတ်နိုင်ငံ၏ တောင်ဘက်မျှော်မူဝါဒ (Look South Policy) ၊ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒ (National Energy Strategy) နှင့် အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာကို စီးနင်းနိုင်ရေးအိပ်မက်၊ ပုလဲသွယ်မဟာဗျူဟာတို့အတွက် ဗျူဟာမြောက်ချဉ်းကပ်မှုအဖြစ် OBOR ( One Belt One Road) စီမံကိန်းကို တရားဝင်ချပြလာခဲ့သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ပြည်ခရီးစဉ်တွင်လည်း တရုတ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative) ကို ပါဝင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံသဘောတူညီချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယူနန်ပြည်နယ်၏ လျှပ်စစ်မီးလိုအပ်ချက်အတွက်ဟုဆိုခဲ့သော မြစ်ဆုံစီမံကိန်းသည် လက်ရှိယူနန်ပြည်နယ်၏ လျှပ်စစ်မီးလို အပ်ချက်မရှိတော့သည့်အချိန်အထိ တရုတ်က လက်လျှော့ခြင်းမရှိသေးသည်မှာ စီမံကိန်းမှရရှိမည့် လျှပ်စစ်မီး၏ ရာခိုင်နှုန်း ၉၀ ထက် မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေး (Geopolitic) တွင် အသာစီးရလိုသည့် ဗျူဟာမြောက် စီမံကိန်းတစ်ခုသာဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။

တရုတ်၏ မဟာဗျူဟာ OBOR တွင် ချိတ်ဆက်နေသော စီမံကိန်းများစွာရှိနေသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် OBOR မဟာဗျူဟာ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သလို ဘင်္ဂလားဒေ့ရှ်- တရုတ်-အိန္ဒိယ -မြန်မာ (BCIM) စီးပွားရေး စြင်္ကံသည်လည်း အဓိကကျနေသည်။

ထို့အတူပင် ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် အချက်အချာဖြစ်သကဲ့သို့ မူဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်းနိုင်ငံဆီဝင်ရောက်ရန် စီမံထားသည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း သည်လည်း OBOR ၏ အသက်သွေးကြော ဖြစ်သည်။

ကမ္ဘာတစ်ဝန်းကို ချိတ်ဆက်ထားသည့် OBOR စီမံကိန်း၏ အချက်အချာ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် စီမံကိန်းတွင်ပါဝင်မည်ဟု ပြောကြားထားသော်ငြား မည်သည့်မဟာဗျူဟာမြောက်ချဉ်းကပ် မှုမျှရှိမနေချေ။ ငွေကြေး၊ လူအင်အား၊ ဦးနှောက်၊ ပညာ၊ စစ်အင်အား အစစအရာရာ သာလွန်နေသည့်အပြင် မြန်မာနိုင်ငံကို ဘဏ္ဍာဆက်သရာပြည်နယ်အဆင့်သာ သဘောထားပြီး ခေတ်အဆက်ဆက်အစိုးရများ၏ ကျေးဇူးရှင်နေရာတွင် မဟာဗျူဟာမြောက် ဖန်တီးယူနိုင်ခဲ့သည့် တရုတ်နိုင်ငံ၏ စီမံကိန်းတွင် မည်သည့်လေ့လာမှု၊ မည်သည့်သုတေသန၊ မည်သည့်ဥပဒေ၊ မည်သည့်မဟာဗျူဟာမျှမရှိဘဲ OBOR တွင် ဝင်ပါခြင်းမှာ မြန်မာတစ်နိုင်ငံလုံးကို အလွယ်ကူဆုံး ထိုးကျွေးလိုက်သည့် ဖြစ်စဉ်သာဖြစ်ပေမည်ဟု ယူဆစရာရှိသည်။

စိုက်ပျိုးမြေအများအပြားကို ခရိုနီ၊ အာဏာရှိသူများ၊ အစိုးရနှင့်နီးစပ်သူများက သိမ်းယူထားသည့် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံအဖြစ်နှင့် အင်အားကြီးလာစရာ မရှိသလို နည်းပညာနိုင်ငံအဖြစ်လည်း ပေါ်ထွန်းလာရန် ဝေးကွာနေသည်။ အိမ်သုံး၊ နေ့စဉ်သုံးပစ္စည်းများ ဈေးချိုချိုနှင့် မျိုးစုံထုတ်လုပ်ကာ ကမ္ဘာ့နိုင်ငံတိုင်းသို့ ဈေးပေါပေါနှင့် တင်ပို့နေသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်နေ၍လည်း စက်မှုကုန်ထုတ်နိုင်ငံအဖြစ် ကြီးကျယ်လာနိုင်ရန် အကြောင်းတရား နည်းပါးပြန်သည်။ ထို့ပြင် နှစ်ပေါင်း ၅၀ ခန့် သယံဇာတများ ထင်သလိုထုတ်ယူခံခဲ့ရပြီး လက်ရှိတွင် အခွံသာကျန်တော့သည့် မြန်မာနိုင်ငံအနေဖြင့် သယံဇာတများ ထုတ်ရောင်းရင်းနှင့်လည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာစရာ အကြောင်းမရှိတော့ချိန်တွင် တရုတ်၏ မဟာဗျူဟာ OBOR နှင့် အဓိကချိတ်ဆက်သော ရခိုင်ပြည်နယ်ကို ဗဟိုပြုမည့်စီမံကိန်း မဟာဗျူဟာချထားနိုင်ရန် လိုအပ်သည်။

တရုတ် OBOR စီမံကိန်း၏ အဓိကကျသောနေရာမှာ ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်းရထားလမ်းတို့ ဖြစ်သည်။ ထို့ပြင် ဘင်္ဂါလီအရေးတွင် အဓိကညှိနှိုင်းလုပ်ဆောင်ရမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း BCIM စြင်္ကံသည်လည်း ရခိုင်ပြည်နယ်ဘက်မှ အဓိကဖြတ်သန်းရမည် ဖြစ်သည်။ နိုင်ငံ၏အကျပ်အတည်း၊ နိုင်ငံ၏ မျှော်လင့်ချက်တို့သည် ရခိုင်ပြည်နယ်တွင် ရှိနေသော်လည်း လက်ရှိအချိန်အထိ မဟာဗျူဟာမြောက် ချဉ်းကပ်မှုပုံစံမရှိသေးသည်မှာ အလွန်အမင်း ဆိုးရွားလှသည်ဟု ဆိုနိုင်သည်။

တစ်ကမ္ဘာလုံးကို စီးပွားရေးအရ ချိတ်ဆက်အသာယူရန် ပြင်ဆင်လာသည့် တရုတ်၏ မဟာဗျူဟာစီမံကိန်းကို မည်သည့်ဗျူဟာ မြောက်ပြင်ဆင်မှု၊ ပြည်သူကို ချပြမှုမရှိဘဲ ပါဝင်ခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ချနင်းစရာတံတားတစ်စင်းအဖြစ် ပါဝင်ခြင်းမှလွဲပြီး မည်သည့်အကျိုးကျေးဇူးမျှ ရနိုင်စရာမရှိချေ။ ထိုသို့ နင်းချေခံရမည့် အခြေအနေမဟုတ်ဘဲ မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် ဗျူဟာမြောက်လေ့လာ ပြင်ဆင်ရန် လိုအပ်နေသည် ။ ထို့ပြင် ကမ္ဘာ့ထိပ်သီးနိုင်ငံဘေးမှ ဆင်းရဲမွဲတေနေသည့် မြန်မာနိုင်ငံသည် နိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေးတွင် အသုံးချခံ၊ အနင်းခြေခံမဖြစ်စေရန် အမျိုးသားလုံခြုံရေးမဟာဗျူဟာ ကြီးကျယ်စွာ ချမှတ်ထားရန်လိုအပ်သည်။ အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ဆိုရာတွင် စစ်ဘက်လုံခြုံရေး (Military Security)၊ စီးပွားရေးလုံခြုံရေး (Economic Security) ၊ ရင်းမြစ်လုံခြုံရေး (Resource Security) ၊ နယ်စပ်ဒေသလုံခြုံရေး (Border Security)၊ လူဦးရေဆိုင်ရာ အချက်အလက်လုံခြုံရေး (Demographic Security) ၊ ဘေးအန္တရာယ်လုံခြုံရေး (Disaster Security)၊ စွမ်းအင်လုံခြုံရေး (Energy Security) ၊ ပထဝီမဟာဗျူဟာလုံခြုံရေး (Geostrategic Security)၊ သတင်းအချက်အလက်လုံခြုံရေး (Information Security) ၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)၊ ကျန်းမာရေးလုံခြုံရေး (Health Security) ၊ လူမျိုးနွယ်စုလုံခြုံရေး (Ethnic Security)၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး (Enviromental Security)၊ ဆိုင်ဘာလုံခြုံရေး (Cyber Security) ၊ မျိုးရိုးဗီဇလုံခြုံရေး (Genomic Security) စသည့် မဟာဗျူဟာမြောက် လုံခြုံရေးအမြင်များစွာ ချမှတ်ထားရန်လိုအပ်သည်။

ခြုံငုံ၍ဆိုရလျှင် မြစ်ဆုံစီမံကိန်းသည် အသွင်ပြောင်းခြင်း၊ နာမည်ပြောင်းခြင်းနှင့် စီမံကိန်းအသေးစားအဖြစ် ပြောင်းလဲကာ မေခ၊ မလိခမြစ်ပေါ်တွင် တည်ဆောက်ခြင်းဟု ပုံစံပြောင်းလဲ တည်ဆောက်မည် အခြေအနေရှိနေသကဲ့သို့ စီမံကိန်းကို လက်မခံပြန်ပါကလည်း မြန်မာနိုင်ငံမှာ ဒေါ်လာသန်း ၉၀၀ ခန့် လျော်ကြေးပေးရမည့်အခြေအနေ ဖြစ်နေသည်။ ထိုသို့သော တရုတ်နိုင်ငံဘက်မှ ပထဝီနိုင်ငံရေးအရ အသာစီးရယူထားပြီးသော စီမံကိန်းများကို လူထုထောက်ခံမှုဖြင့် တက်လာသည့် အစိုးရအနေဖြင့် မဟာဗျူဟာမြောက် ချဉ်းကပ်ရန်လိုအပ်မည်ဖြစ်ပြီး မြစ်ဆုံနှင့် OBOR ကဲ့သို့ တရုတ်၏ မဟာဗျူဟာတွင် ရှေးယခင်ကလို မြန်မာနိုင်ငံ ဆက်လက်နစ်မွန်းနေမည်ဆိုပါက တိုင်းပြည်အတွင်း ဆူပူမှု၊ မတည်ငြိမ်မှုများဖြင့် နှစ်ပေါင်းရာချီ နစ်မွန်းသွားနိုင်သည်ကို သတိပြုရန် လိုအပ်သည်။

Most Read

Most Recent