NLD အစိုးရလက်ထက် စီးပွားရေးကျဆင်းမှုဂယက်နှင့် စစ်တမ်းများကပြောသော စီးပွားရေးစီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုဆိုင်ရာ ကိန်းဂဏန်းများ

NLD အစိုးရလက်ထက် စီးပွားရေးကျဆင်းမှုဂယက်နှင့် စစ်တမ်းများကပြောသော စီးပွားရေးစီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုဆိုင်ရာ ကိန်းဂဏန်းများ
Published 26 December 2017

Myanmar Insider က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းစစ်တမ်းတွင် နှိုင်းယှဉ်ဖော်ပြထားမှုကို တွေ့ရစဉ်

၂၀၁၆ ခုနှစ်အတွင်း မျှော်လင့်သလောက် စီးပွားရေးတိုးတက်ခဲ့ခြင်းမရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ခံထားမှု၏နောက်တွင် မှန်ကန်သည့် မူဝါဒများနှင့် လုပ်ဆောင်ပါက ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးလည်ပတ်မှု ပုံမှန်ဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက်လွဲကာ မြန်မာ့စီးပွားရေးသည် ၂၀၁၇ ခုနှစ်အတွင်း ပုံမှန်လည်ပတ်ခြင်းပင် မပြုနိုင်သည့်အပြင် ၂၀၁၆ ခုနှစ်ထက်ပိုသည့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာ့စီးပွားရေးအရှိန်အဟုန်နှင့် တိုးတက်နေပါသည်ဆိုသော အချက်အလက် ကိန်းဂဏန်းအမှားများကို ကိုင်စွဲကာ ကြွေးကြော်နေသော်လည်း Doing Business တွင် အဆင့်ကျဆင်းခဲ့ခြင်းသည် အစိုးရ၏ မူဝါဒများ ဆက်လက်မှားယွင်းနေသည်ကို မီးမောင်းထိုးပြသလို အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း စံချိန်တင် စီးပွားရေးကျဆင်းခြင်းသည် ယခင်အစိုးရလက်ထက်ကထက် နှစ်ဆတက်များပြားလာသည့် ဘတ်ဂျက်လိုငွေ၊ မလျှော့ချနိုင်သေးသည့် ကုန်သွယ်မှုလိုငွေ၊ မျှတမှုမရှိသော စီးပွားရေး ဆိုင်ရာယှဉ်ပြိုင်မှု၊ ငွေကြေးဖောင်းပွမှုဂယက်၊ ရခိုင်အရေး၊ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် ကန့်သတ်မှု၊ တင်ဒါများတင်သွင်းရာတွင် လာဘ်စားမှုမရှိဟု ကြွေးကြော်နေသော်လည်း လာဘ်ပေးရမှုများ ရှိနေသည့်အပြင် ယခင်က ထက်ကြန့်ကြာမှု၊ ထိရောက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးစနစ် မရှိခြင်း၊ နှစ်စဉ်ကျဆင်းနေသည့် ဆောက်လုပ်ရေးကဏ္ဍကို ၂၀၁၆ ခုနှစ်မှစတင်ကာ ဖြိုချခဲ့ပြီးနောက် လက်ရှိအချိန်အထိ ပြန်လည်ထူမနိုင်ခြင်းမရှိမှု စသည့်အချက်များစွာတို့က ဂျက်ပါဝါဖြင့် ပျံတက်မည့် ၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးကို အတောင်ကျိုးစေခဲ့သည်ဟုသာ မှတ်ယူရမည် ဖြစ်သည်။

ထိုသို့ အတောင်ကျိုးခဲ့သည့် မြန်မာ့စီးပွားရေးကို ပြန်လည်ကုစားရန်မှာ အစိုးရ၏ လွဲမှားနေသော စီမံခန့်ခွဲမှုများကို ပြင်ဆင်ရန် လိုအပ်မည်ဆိုသည့် အချက်များကို ဦးတည်ထားသော လက်ရှိအစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် စစ်တမ်းသုံးစောင်ထွက်ပေါ်ခဲ့ပြီး စီးပွားရေးတိုးတက်မှုနှင့် စားဝတ်နေရေး အဆင်ပြေလိုသော ပြည်သူများ၏ မျှော်လင့်ချက်များကို ကိုယ်ချင်းစာနိုင်ရန် လိုအပ်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့်  စီးပွားရေးစစ်တမ်းသုံးစောင်အနက် အမေရိကန်အခြေစိုက် International Republican Institute (IRI) မှထုတ်ပြန်သည့် စစ်တမ်းအကျဉ်းချုပ်မျှ ပြန်လည်လေ့လာမည်ဆိုပါက လူမှုစီးပွားညွှန်းကိန်းတွင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၌ ကောက်ခံခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်သည် အကောင်းဘက်တွင်ရှိနေသည်ဟု ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းသည် လက်ရှိအစိုးရလက်ထက် တွင် ၇၅ ရာခိုင်နှုန်းသာ ရှိနေခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အကောင်းမြင်မှု ကျဆင်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အဆိုးဘက်သို့ ရောက်နေသည်ဟု ထင်မြင်ယူဆမှုမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက် ခြောက်ရာခိုင်နှုန်းမှ လက်ရှိအစိုးရ၏ လုပ်ဆောင်မှုကြောင့် အဆိုးမြင်မှု ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဦးသိန်းစိန်လက်ထက် မြန်မာ့စီးပွားရေး အခြေအနေအပေါ် စစ်တမ်းကောက်ယူချိန်တွင် ကောင်းသည်ဟု ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ၅၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ သို့သော် ညံ့ဖျင်းသည်ဟု ထင်မြင်သူ နှစ်ဆခုန်တက်လာပြီး ဦးသိန်းစိန်လက်ထက် ၁၁ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်း အထိ မြန်မာ့စီးပွားရေးညံ့ဖျင်းမှု ခုန်တက်ခဲ့သည်။ ထို့ပြင် တော်တော့်ကို ညံ့သည်ထင်မြင်မှုတွင်လည်း ဦးသိန်းစိန်အစိုးရလက်ထက် တစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ မြင့်တက်လာသလို ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးမှာ အရမ်းကောင်းသည်ထင်မြင်သူ ၁၂ ရာခိုင်နှုန်းရှိရာမှာ လက်ရှိအစိုးရလက်ထက်၌ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ဦးသိန်းစိန်အစိုးရနှင့် နှိုင်းယှဉ်ခဲ့သည့် စစ်တမ်းများ အားလုံးလိုလိုတွင် လက်ရှိအစိုးရ၏ စွမ်းဆောင်ရည်နိမ့်ကျခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာများ ဖြေဆိုမှု ကဏ္ဍတွင် အဓိကအကြီးဆုံးပြဿနာမှာ စီးပွားရေး ကျဆင်းမှုဖြစ်ပြီး ဒုတိယတွင် ပဋိပက္ခ ဖြစ်သည်။ တတိယနေရာတွင် တရားဥပဒေ စိုးမိုးရေးပြဿနာရင်ဆိုင်နေရပြီး  စတုတ္ထနေရာတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းတို့က ကြီးမားသည့်ပြဿနာ ဖြစ်နေသည်။

အစိုးရအနေဖြင့် ပထမဦးစားပေးဆောင်ရွက်သင့်သည့် အဖွင့်မေးခွန်းအတွက် စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရန် ၃၁ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပဋိပက္ခကို ပထမဦးစားပေးဆောင်ရွက်ရန် ၂၅ ရာခိုင်နှုန်းက ဆန္ဒပြုကာ ဒီမိုကရေစီစနစ်နှင့် စီးပွားရေးတိုးတက်မှု မည်သည်ကပို အရေးကြီးသနည်းဆိုသည်ကိုမူ ဒီမိုကရေစီ စနစ်မှာ လုံးဝပိုအရေးကြီးသည် ဖြေသူ ၂၄ ရာခိုင်နှုန်းသာရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ပိုအရေးကြီးသည် ဖြေဆိုမှုရာခိုင်နှုန်း ၄၀ အထိရှိနေကာ ပြည်သူများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးပြေ လည်မှသာ ဒီမိုကရေစီစနစ်ကို လိုချင်သည်ဟု ညွှန်းဆိုသည်။ ထိုအချက်ကို လေးနက်စေသောအချက်အဖြစ် တစ်ပတ်ဝင်ငွေကို စားဝတ်နေရေးအတွက် မည်မျှအထိ သုံးနေရ သနည်းဆိုသည့် စစ်တမ်းတွင် တစ်ပတ်ဝင်ငွေ၏ ရာခိုင်နှုန်း ၅၀ အောက်ကို စားဝတ်နေရေးအတွက် သုံးစွဲရမှု ကိုးရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၅၀ ခန့်ကို စားဝတ်နေရေးအတွက် သုံးစွဲရမှု ၁၃ ရာခိုင်နှုန်း၊ တစ်ပတ်ဝင်ငွေ၏ ရာခိုင်နှုန်း ၅၀ မှ ၇၀ အကြားကို သုံးစွဲနေရမှု ၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၇၀ မှ ၉၀ အထိ စားဝတ်နေရေးအတွက် သုံးစွဲနေရမှု ၂၁ ရာခိုင်နှုန်းနှင့် ရရစားစားသဘောမျိုးဖြစ်သည့် တစ်ပတ်ဝင်ငွေ၏ ရာခိုင်နှုန်း ၉၀ မှ ၁၀၀ အထိကို စားဝတ်နေရေးအတွက် သုံးနေရသူ ၄၄ ရာခိုင်နှုန်း အထိ ရှိနေသည်။ ထိုသို့သော ပြည်သူ့ကျပ် တည်းမှုအမှန်တရားများသည် မည်သည့်အစိုးရ လက်ထက်တွင်မှ ပပျောက်မည်ကို မြန်မာပြည်သူများအနေဖြင့် သိစွမ်းနိုင်မည် မထင်ပါ။

အခြားသော စစ်တမ်းတစ်စောင်အဖြစ် Myanmar Insider က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာယုံကြည်မှု ညွှန်းကိန်းစစ်တမ်းကို ဖော်ပြလိုသည်။ စစ်တမ်းတွင် ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း ၄၆ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေ ၂၇ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲခြင်း ကောင်းမွန်ခြင်းမရှိမှု ၁၉ ရာခိုင်နှုန်းသာ ရှိသော်လည်း NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှု ၅၈ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေဟုထင်မြင်မှု ၂၇ ရာခိုင်နှုန်းနှင့် ကောင်းမွန်သည်ဟုထင်မြင်မှု ၁၂ ရာခိုင်နှုန်းသာရှိနေပြီး လက်ရှိအစိုးရ၏ စီးပွားရေးစွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု ကျဆင်းနေကြောင်း စစ်တမ်းထုတ်ခဲ့သည်မှာ လက်ရှိအစိုးရအနေဖြင့် စီးပွားရေး စီမံခန့်ခွဲခြင်း မကောင်းမွန်မှုများကို ပြင်ဆင်ရန် မီးမောင်းထိုးပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမကောင်းမွန်မှု ၆၃ ရာခိုင်နှုန်းအထိ ဆန္ဒပြုခဲ့ကာ အလွန်မကောင်းဟု ထင်မြင်မှု ၁၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကောင်းမွန်သည်ဟု ထင်မြင်မှု ၁၉ ရာခိုင်နှုန်းသာ ရှိနေသည်။

နောင်လာမည့်သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊ အနည်းငယ်ဆိုးရွားမည်ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊ အနည်းငယ်ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်းနှင့် ပို၍ကောင်းလာမည်ဟုထင်မြင်မှု လေးရာခိုင်နှုန်း ဆန္ဒပြုခဲ့သည်။ ထို့ပြင် နောင်လာမည့်သုံးလအတွင်း စီးပွားရေးကျဆင်းမှု ပိုဆိုးမည်ဟု ထင်မြင်မှု ၆၉ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှု ပိုဆိုးသွားမည်ဟု ထင်မြင်မှု ၇၇ ရာခိုင်နှုန်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားမည်ဟု ထင်မြင်မှု ၆၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စစ်တမ်းဖော်ပြမှုအရ မြန်မာ့စီးပွားရေးသည် ဆိုးရွားစွာ ကျဆင်းနေသည်ဟု ညွှန်းဆိုရမည့်အဆင့်သို့ ရောက်ရှိနေသည်။

တတိယမြောက်စစ်တမ်းအဖြစ် ဥရောပ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Roland Berger မှ ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည့် စစ်တမ်းကိုကိုးကားလိုသည်။ ၂၀၁၆ ခုနှစ်အတွင်း ကျဆင်းခဲ့သည့် စီးပွားရေးနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် Roland Berger ပထမစစ်တမ်းတွင် မြန်မာ့စီးပွားရေး တိုးတက်မည်ဟု ၇၃ ရာခိုင်နှုန်းက ယုံကြည်သော်လည်း ရှင်းလင်းသည့် စီးပွားရေးမူဝါဒမရှိခြင်း၊ ဥပဒေပြုကိစ္စရပ်များ မှန်းဆရခက်ခြင်း၊ မူပိုင်ခွင့်ကာ ကွယ်ပေးမှုမရှိခြင်းနှင့် ကျွမ်းကျင်လုပ်သား ရှားပါးခြင်းများက အတားအဆီးဖြစ်နေသည်ဟု စစ်တမ်းထုတ်ခဲ့သော်လည်း အစိုးရ မူဝါဒ၊ ရှင်းလင်းသည့် စီးပွားရေးမူဝါဒမရှိခြင်း၊ ဥပဒေပြုကိစ္စရပ်များ မှန်းဆရခက်ခြင်း၊ မူပိုင်ခွင့်ကာကွယ်ပေးမှု မရှိခြင်းများက စီးပွားရေး တိုးတက်ရန်အတားအဆီးဖြစ်နေသည်ဟု ထောက်ပြခဲ့သည်။ ထို့ပြင် ဖြေဆိုသူများ၏ ရာခိုင်နှုန်း ၉၀ ကျော်က ပွင့်လင်းမြင်သာသည့် အစိုးရမူဝါဒဖြစ်ရေး၊ တည်ငြိမ်သည့် လျှပ်စစ်ပံ့ပိုးမှုရရှိရေး၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ကောင်းမွန်လာရေး၊ ဘဏ္ဍာရေး ကဏ္ဍပြောင်းလဲရေး၊ မျှတသည့်ယှဉ်ပြိုင်မှုများ မြှင့်တင်ပေးရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲရေး များလုပ်ဆောင်ရန် လိုအပ်သည်ဟု ဖြေဆိုခဲ့သည်။

ပထမအကြိမ်စစ်တမ်းများမှာ ထောက်ပြခဲ့သည့် စိုးရိမ်မှုများသည်၂၀၁၇ ခုနှစ်အတွင်း ပြင်ဆင်နိုင်မှုမရှိခဲ့ဘဲ အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုမှားယွင်းခြင်းများနှင့် မူဝါဒပိုင်းဆိုင်ရာအားနည်းမှုများက တိုင်းပြည်ကို ချောက်ထဲဆွဲချကာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ တိုးတက်မည်ဟူသော စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု (Business Confidence) သည် ယခင်နှစ် ၇၃ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျသွားခဲ့သည်။

စစ်တမ်းများသည် ကောက်ယူမှု အချက်အလက်အလိုက် ကွာဟနိုင်မည်ဖြစ်သော်လည်း ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေလိုမှု၊ စီးပွားရေးတိုးတက်လိုမှုများကို  ညွှန်းဆိုနေသည်။ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ခဲ့သော ဦးသိန်းစိန်အစိုးရသည် ငြိမ်းချမ်းရေးလည်းမအောင်မြင်၊ စီးပွားရေးတွင်လည်း မျှော်လင့်သလောက် တိုးတက်အောင် မဆောင်ရွက်နိုင်ဖြစ်ခဲ့သည်ကို ဦးသိန်းစိန်အစိုးရလက်ထက်ကထက် စီးပွားရေးကျဆင်းသည်ဟု အဝေဖန်ခံနေရသည့် လက်ရှိအစိုးရအနေဖြင့် မိမိတို့၏ စီးပွားရေးဆိုင်ရာမှားယွင်းမှုများနှင့် စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းအားနည်းချက်များကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းရန် သတိချပ်သင့်သည်။ ထိုသို့ သတိချပ်ပြင်ဆင်မှသာ ၂၀၁၈ ခုနှစ်အတွင်း စီးပွားရေး ပြန်လည်လည်ပတ်ပြီး ၂၀၁၉ ခုနှစ်အတွင်း တိုးတက်မှုရကာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်ကောင်းမည်ဖြစ်သည်။ စီးပွားရေးကျဆင်းခြင်းအပေါ် မထီမဲ့မြင် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက စားဝတ်နေရေးကျပ်တည်းသထက် ကျပ်တည်းလာသည့် ပြည်သူများက ရွေးကောက်ခဲ့သော လက်သန်းနှင့်ပင် ပြန်လည်တောက်ချနိုင်သည်ကို ဦးသိန်းစိန်အစိုးရအား နမူနာယူရန် အကြံပြုလိုသည်။

Most Read

Most Recent