အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန်အကြောင်းပြပြီး တရုတ်နိုင်ငံမှ ပိတ်လိုက်သည့် ဘဏ်အကောင့်များကြောင့် နစ်နာခဲ့သော မြန်မာနိုင်ငံသားပိုင် ကုန်သွယ်မှုငွေစာရင်းများ

အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန်အကြောင်းပြပြီး တရုတ်နိုင်ငံမှ ပိတ်လိုက်သည့် ဘဏ်အကောင့်များကြောင့် နစ်နာခဲ့သော မြန်မာနိုင်ငံသားပိုင် ကုန်သွယ်မှုငွေစာရင်းများ
Published 25 December 2017

၂၀၁၇ ခုနှစ် နှစ်လယ်ခန့်က အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ်အကောင့် ၃၄၉ ခု အနက် မြန်မာနိုင်ငံသားပိုင်ဘဏ်အကောင့် ၁၃၂ ခုပါဝင်ခဲ့သည့်ဖြစ်စဉ်ကို ၂၀၁၇ ခုနှစ် အတွက် စီးပွားရေးဆိုင်ရာ ထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

ဇွန် ၁၅ ရက်မှစပြီး မြန်မာနိုင်ငံသား ပို့ကုန်-သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများအား တရုတ်နိုင်ငံဘက်မှ ယာယီပိတ်သိမ်းခဲ့ကြောင်း၊ ဘဏ်စာရင်းများ ပိတ်သိမ်းမှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သိလျှင်သိချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးကောင်စစ်ဝန်နှင့် စတင်ညှိနှိုင်းခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်တွင် ဘဏ်စာရင်းများ ထပ်မံပိတ်သိမ်းမှု သတင်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး ဖြေရှင်းဆောင်ရွက်ပေးရန် ညှိနှိုင်းခဲ့သည်။

ထို့ပြင် မြန်မာကုန်သည်များ၏ ငွေစာရင်း၊ အကောင့်များ ပိတ်သိမ်းခဲ့အား မည်သည့်အတွက်ကြောင့် ပြုလုပ်ခြင်းဖြစ်သည်ကို ပိတ်ထားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ၏ ငွေစာရင်းများကို အမြန်ဆုံးပြန် လည်ဖွင့်လှစ်ပေးရန် ရွှေလီမြို့ပါတီကော်မ တီအတွင်းရေးမှူးနှင့် ရွှေလီမြို့ အစိုးရဌာန တာဝန်ခံတို့ထံ ညှိနှိုင်းအကြောင်းကြားထားခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန် ၁၈ ရက်တွင် ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန်ဦးစီးအ ဖွဲ့နှင့် မြန်မာအဖွဲ့တို့ မူဆယ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒုတိယမြို့တော်ဝန်မှ တရုတ်နိုင်ငံ ပြည်နယ်သုံးခုတွင် အွန်လိုင်းမှ လောင်းကစားလုပ်ငန်းများလုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင်လွှဲပြောင်းခြင်း၊ ငွေသွင်းငွေထုတ်လုပ်ငန်းများ ဆောင်ရွက်နေခြင်းများကြောင့် တစ်ဖက်နိုင်ငံရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲများမှ ဘဏ်အကောင့် ၃၄၉ ခုကို စစ်ဆေးရန်အတွက် ခေတ္တပိတ်ထားခဲ့ရာ မြန်မာနိုင်ငံသားပိုင် ဘဏ့် အကောင့် ၁၃၂ခုပါဝင်နေကြောင်း၊ အွန်လိုင်းလောင်းကစားမှုကို တရုတ်နိုင်ငံ ရဲချုပ်ရုံးမှ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်ပြီး ဘဏ်အကောင့်များ စိစစ်ခြင်းသည် ဆင့်ကဲဆင့်ကဲ တင်ပြဆောင်ရွက်ခြင်းဖြစ်ပြီး အချိန်အနည်းငယ် လိုအပ်ပါကြောင်း၊ အမှုနှင့် မသက်ဆိုင်သည့် ဘဏ်အကောင့်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဘဏ်အကောင့်များ စိစစ်ဖြေရှင်းရေးအတွက်လည်း အထူးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

တရုတ်-မြန်မာနယ်စပ်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ကြသော ကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများ အပိတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ၏ အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် နယ်စပ်ဒေသ တရားမဝင်လှုပ်ရှားမှုများကို  တိုက်ဖျက်ရန်အတွက် လတ်တလောကာလများ၌ တရုတ်သက်ဆိုင်ရာဌာနက နယ်စပ်ဖြတ်ကျော်မှုခင်းများကို စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူများကို စုံစမ်းမှုများတွင် ပူးပေါင်းပေးပါရန် ဥပဒေနှင့်အညီ တောင်းဆိုထားပြီး ကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများကို ယာယီပိတ်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပိတ်ထားသော ဘဏ်ငွေစာရင်းများတွင် မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူအချို့၏ ဘဏ်ငွေစာရင်းများလည်း ပါဝင်ကြောင်း သိရပြီး တရုတ်နိုင်ငံ၏ အထက်ဖော်ပြပါ ယာယီလုပ်ဆောင်ချက်သည် နှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် တရုတ်-မြန်မာ ပုံမှန်နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုတွင် နှစ်စဉ်ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် ပုံမှန်ကုန်သွယ်မှုဖြစ်လာစေရေးအတွက် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ ရရှိနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“တရုတ်-မြန်မာနယ်စပ်ဒေသတွင် ပုံမှန်ကုန်သွယ်ရေးဖြစ်လာအောင် နံပါတ်တစ်အနေနဲ့ လက်ရှိကုန်သွယ်ရေးကိုထိန်းထားမယ်။ နံပါတ် (၂) က  BiLeteral Agreement လုပ်လို့ရရင်လုပ်ဖို့အတွက် တရုတ်နဲ့ကျွန်တော်တို့နဲ့  နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီမှုရအောင်လို့ ကြိုးစားဆောင်ရွက်မယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်တွင် လယ်ယာထွက်ကုန်များကို တင်ပို့နေခြင်းဖြစ်ပြီး  အထူးသဖြင့် ဆန်နှင့်ပြောင်းစသည်တို့ကို အဓိက တင်ပို့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်ကမူ တရားဝင် သတ်မှတ်ထားခြင်းမရှိသဖြင့် မကြာခဏဆို သလိုအဖမ်းအဆီးများ ပြုလုပ်နေခြင်း ဖြစ်သည်။

Most Read

Most Recent