ညာမောင်းကားများ တစ်ခန်းရပ်သွားစေသော နှစ်တစ်နှစ်လား

ညာမောင်းကားများ တစ်ခန်းရပ်သွားစေသော နှစ်တစ်နှစ်လား
Published 25 December 2017

ပြည်ပမှ တင်သွင်းလာသော ကားများကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ဘယ်မောင်းကားများကိုသာ ခွင့်ပြုတော့မည့် ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက်ထွက်ရှိလာပြီး ဈေးကွက်အတွင်းရှိနှင့်ပြီး ညာမောင်းကားများ၊ တင်သွင်းပြီးကားများ၏ ဈေးနှုန်းများသည် အမြင့်ဈေးဖြင့် ရှိနေရာမှ ဆက်လက်မြင့်တက်စေခဲ့သောကြောင့် ၂၀၁၇ ခုနှစ် ၏ ထင်ရှားသည့် စီးပွားရေးဆိုင်ရာ အကြောင်းအရာတစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

လက်ရှိအစိုးရသည် ကားတင်သွင်းမှု မူဝါဒကို ၂၀၁၇ ခုနှစ် Model Year သတ်မှတ်ချက်ကတည်းက စတင်တင်းကျပ်ခဲ့ပြီးနောက် ကားဈေးများ စတင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အတွင်း လူအများစီးသော ၁၃၅၀ စီစီအောက် ကားဈေးနှုန်းသည် ရာခိုင်နှုန်း ၆၀ မှ ၉၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် Model Year သတ်မှတ်ချက်ကြောင့် ကားဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဟု ကားရောင်းဝယ်သူများက မျှော်မှန်းထားသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေး ကော်မတီက အောက်တိုဘာ ၁၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇)ဖြင့် ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်းအစီအစဉ် (Consignment စနစ်အပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်) ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခု နှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည် ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များအပါအဝင်) ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း(ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ (Mini Bus / City Bus / Express Bus ) ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။

ထို့အတူ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း၊ ယန္တရားများ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၀၇ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ သာသနာရေးဆိုင်ရာယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ (Mini Bus / City Bus / Express Bus )၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။ အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှုအနေဖြင့် လူစီးမော်တော်ယာဉ်များ  ၂၀၁၆ မှ ၂၀၁၈ ခု နှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ/ ယန္တရားများ/ ခရီးသည်တင်ယာဉ်များ    ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်းတင်သွင်းရန် မူဝါဒချမှတ်ထားသည်။

၂၀၁၇ ခုနှစ်အတွက် သတ်မှတ်ခဲ့သော သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပါက ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်တွင် အနိမ့်ဆုံး မော်ဒယ်သတ်မှတ်ချက်များ သိသိသာသာ မြင့်တက်ခဲ့ပြီး ယခင်က ညာမောင်းကားများ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုတော့မည် ဖြစ်သည်။ ယင်းအချက်ကြောင့် ဈေးကွက်အတွင်း ရောင်းချရန်ကျန်ရှိသော ကားများအပါအဝင် ညာမောင်းကား ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် လက်ကျန်ကာလတွင် ၂၀၁၇ ခုနှစ် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒဖြင့် ဒီဇင်ဘာ ၂၇ ရက်အထိ သတ်မှတ်ခုနှစ်များအတိုင်း မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်၊ ပါမစ်များလျှောက်ထားနိုင်မည်ဖြစ်ပြီး တစ်ဦးချင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏(၂၀ /၂၀၁၇) အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါသတ်မှတ်ချက်အရ ၂၀၁၇ ခု နှစ် ဒီဇင်ဘာ ၁၅ ရက်အထိသာ ညာမောင်းကားများ တင်သွင်းခွင့်ပါမစ်လျှောက်ထားနိုင်ခဲ့ပြီး စလစ်ဈေးများလည်း ဒီဇင်ဘာ ဒုတိယပတ်တွင်မြင့်တက်ခဲ့သည်။ ၂၀၁၇ လက်ကျန်ကာလအတွင်း လျှောက်ထားမှုများအရ ပါမစ်သက်တမ်းနှင့် သက်တမ်းတိုးကာလများကြောင့် လာမည့်ဧပြီလပိုင်းအထိ ညာမောင်းကားများ ဝင်ရောက်နေဦးမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်မော်တော် ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ညာမောင်းကားများ ဈေးနှုန်းများမြင့်တက်လာပြီး တစ်ဖက်တွင်လည်း ဈေးနှုန်းကွာခြားမှု နည်းပါးလာသည့်အတွက် Brand New ကားများကို လူကြိုက်များလာပြီး လတ်တလောနှစ်များတွင် ဈေးကွက်အားပြိုင်နေဦးမည်ဖြစ်သော်လည်း မကြာမီနှစ်အနည်းငယ်အတွင်း  Brand New ကားသစ်များက ဈေးကွက်ဦးဆောင်လာဖွယ်ရှိနေသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄,၂၀၀ ဝန်းကျင်ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် ကားသစ်စီးရေ ၇,၅၀၀ ဝန်းကျင် ရောင်းချရမည်ဟု မျှော်မှန်းထားသည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာဈေးကွက်သည် ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် မော်တော်ကားတင်သွင်းခြင်းဆိုင်ရာ မူဝါဒစတင်ခဲ့ရာ ၂၀၁၇ ခုနှစ် အောက်တိုဘာအထိ ဒေါ်လာ ၁၀ ဘီလျံဝန်းကျင်တန်ဖိုးရှိ ကားစီးရေ ၈၈၆,၂၃၄ စီးတင်သွင်းခဲ့ပြီး အများစုသည် တစ်ပတ်ရစ် ညာမောင်းကားများသာ ဖြစ်သည်။ ယခု ပြောင်းလဲလိုက်သည့် မူဝါဒကြောင့် ၂၀၁၇ ခုနှစ်သည် ညာမောင်းကားများတင်သွင်းခွင့်ပြုသည့် နောက်ဆုံးနှစ်ဖြစ်လာပြီး ကားဈေးကွက်အတွက် အချိုးအကွေ့များစွာ ဖြစ်ပေါ်စေခဲ့သည့် နှစ်ဖြစ်ခဲ့သည်။

Most Read

Most Recent