၂၀၁၇ နှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှု ဂယက်

၂၀၁၇ နှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှု ဂယက်
Published 25 December 2017

မီးဖိုချောင်သုံး စားသောက်ကုန်များဖြစ်သည့် ဆန်အပါအဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် အခြေခံစားသောက်ကုန်များသည် ယခုနှစ်အတွင်း ဈေးနှုန်းသိသိသာသာ မြင့်တက်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

ကြက်သွန်နီနှင့်ပတ်သက်ပြီး နွေကြက်သွန်စိုက်ပျိုးသူများ ယခင်နှစ်က တစ်ပိဿာ ကျပ် ၄၀၀ ဝန်းကျင်မှ ၂၀၁၇  ခုနှစ် မတ်လတွင် ကျပ် ၆၀၀ ဝန်းကျင်ဖြင့် ရောင်းချရသည်။၂၀၁၇ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဈေးကွက်အတွင်း ကြက်သွန်တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ရှိလာသည်။၂၀၁၆  ခုနှစ် ကာလတူထက်ဈေးနှုန်းထက် တစ်ဆဝန်းကျင် ပိုမိုမြင့်တက်ခဲ့သည်။

၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ သုံးနှစ်ဆက်တိုက် ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်ခဲ့ခြင်းမရှိခဲ့ပေ။ ယခုနှစ် ကြက်သွန်နီဈေးနှုန်းမှာ သုံးနှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၃၆၀၀ အထိပင် ဈေးရှိလာသည်။ ကြက်သွန်နီ အရွယ်အစားနှင့် ခြောက်သွေ့မှုအပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ ထို့ပြင် တရုတ်ဘက်မှ ကြက်သွန်နီများလည်း ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။

ထို့အတူ ၂၀၁၇ နှစ်လယ်ခန့်က ကြက်သွန်ဖြူဈေးနှုန်းများ အမြင့်ဆုံးအဖြစ် တစ်ပိဿာ ကျပ် ၆၀၀၀၊ ကျပ် ၇၀၀၀ အတွင်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းဆန်လက်ကျန် နည်းလာချိန်ဖြစ်သည့် အောက်တိုဘာလအတွင်းက ဆန်သိုလှောင်ထားသူများက ငွေတိုးနှင့် အမြတ်အစွန်းတွက်ချက်ကာ ဈေးတင်ရောင်းချနေသဖြင့် ပြည်တွင်းစားသုံးနေသည့် ဆန်ဈေးမြင့်တက်ခဲ့သည်။

အောက်တိုဘာလအတွင်းက ယင်းကဲ့သို့ ဆန်ဈေးမြင့်တက်သွားခြင်းသည် ပြည်တွင်းလက်ကျန်နည်းပြီး ဆန်သစ်ပေါ်ခါနီးဖြစ်လာသဖြင့် လှောင်လက်များက ထုတ်ရောင်းလာသည့်အခါ အချိန်ကာလ၊ ငွေတိုးနှင့် အမြတ်အစွန်းကိုတွက်ချက်၍ ဈေးတင်ရောင်းချခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်း ရေးမှူးဦးသန်းဦးက  ပြည်တွင်းစားသုံးဆန်က ပေါ်ဆန်းမွှေးရော၊  ဇီယာပါ ဈေးတက်ကြောင်း၊ ၂၅ မှတ် ဆန်မှာ အမြင့်ဆုံး ၁၀၈ ပေါင် တစ်အိတ်ကို ကျပ် ၂၂၀၀၀ ဈေးဖြစ်သွားသည်။ ဆန်ချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်းသည် ယခင်လက ကျပ် ၅၀၀၀၀ ခန့်မှ ကျပ် ၅၅၀၀၀ ခန့်အထိ ဈေးတက်ခဲ့သည်။ ဇီယာရှယ်မှာမူ  ကျပ် ၂၇၀၀၀ ခန့်မှ ကျပ် ၃၀၀၀၀အထိ ဈေးတက်ခဲ့သည်ဟု အောက်တိုဘာလအတွင်း မြင့်တက်ခဲ့သည့် ဆန်ဈေးအခြေအနေကို ပြောကြားသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းက အထူးသဖြင့် ဆန်ကြမ်းဖြစ်သည့် မြောင်းမြဇီယာရှယ်တစ် အိတ်လျှင် ကျပ် ၂၂၅၀၀၊၂၃၀၀၀ ခန့်ရှိခဲ့ရာမှ ကျပ်၂၄၀၀၀ဈေးရှိလာကာ ဈေးတန်းနေကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် ကျပ်၂၅၀၀၀ ခန့်  အထိ ပြန်တက်လာကြောင်း၊

ဆန်ချောဈေးအနေဖြင့် ပေါ်ကျွဲရှယ်၊ ပေါ်ဆန်းမွှေး(ရှယ်)၊ ပေါ်ဆန်းလတ်စသည်တို့မှာ ယခင် ၂၇၅၀၀၊၂၈၀၀၀ကျပ်မှ ယင်းကာလတွင် ကျပ် ၃၃၀၀၀ အထိ ဈေးရှိလာကာ တစ်အိတ်လျှင် ပျမ်းမျှအားဖြင့် ကျပ် ၅၀၀၀ ဝန်းကျင်ခန့်ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် စက်တင်ဘာလကုန်ပိုင်းက ၄၇၅၀၀၊ ၄၈၅၀၀ ကျပ်ဝန်းကျင်မှ အောက်တိုဘာလအတွင်း ကျပ် ၅၁၀၀၀၊ ၅၁၅၀၀ခန့်အထိ ဈေးတက်လာကြောင်း၊ မြောင်းမြပေါ်ဆန်းတစ်အိတ် လျှင် ယခင်က  ကျပ်  ၃၉၅၀၀ ဝန်းကျင်မှ  ကျပ် ၄၃၀၀၀၊ ၄၄၀၀၀ အထိဈေးမြင့်လာကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်အထိလည်း ဆန်ဈေးများ အတက်ဘက်တွင်သာ ရှိနေဆဲ ဖြစ်သည်။

ကုန်ဈေးနှုန်းများ မြင့်တက်မှုအပါအဝင် ကိစ္စတစ်ခုခုဖြစ်လာသည့်အချိန်တိုင်းတွင် အစိုးရကို အပြစ်တင်ခြင်းမှာ Mindset အများ မပြောင်းလဲနိုင်သေးသည့် သဘောသာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က ဗဟိုထိန်း ချုပ်မှုရှိခဲ့သည့် ဈေးကွက်ဖြင့် ရပ်တည်ခဲ့ရာမှ ဈေးကွက်စီးပွားရေးစနစ်သို့ အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး လက်ရှိတွင် ပိုမိုလွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် (Liberal Market Economy) ဆီသို့ လျှောက်လှမ်းနေ ချိန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Most Read

Most Recent