၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသည့် နိုင်ငံတကာအနုပညာသတင်းများ

၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသည့် နိုင်ငံတကာအနုပညာသတင်းများ
Published 25 December 2017

■ Song-Song စုံတွဲ၏ လက်ထပ်ပွဲ

Descendants of the Sun ဇာတ်လမ်းတွဲတွင် စစ်ဗိုလ်နှင့် ဆရာဝန်ဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့ပြီးနောက် Song-Song စုံတွဲဟုခေါ်ဆိုခံခဲ့ရသည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့က ၎င်းတို့နှစ်ဦးတွဲနေကြောင်း ဇူလိုင် ၅ ရက်တွင် အတည်ပြုခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် မင်္ဂလာပွဲကျင်းပမည်ဟု အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။

၎င်းတို့၏မင်္ဂလာပွဲကို ရှီလာဟိုတယ် မြက်ခင်းပြင်တွင် အကျဉ်းချုံးကျင်းပခဲ့ပြီး လုံခြုံရေးတင်းကျပ်ခဲ့သည်။ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူများထဲတွင် တရုတ်မင်းသမီး ကျန်းကျိယီလည်း ပါဝင်ခဲ့သည်။ မင်္ဂလာအခမ်းအနားအတွက် မီဒီယာရှင်းလင်းချက် (သို့ မဟုတ်) ဓာတ်ပုံရိုက်သည့်ကဏ္ဍများ မပါဝင်ခဲ့သော်လည်း ၎င်းတို့၏မင်္ဂလာပွဲဓာတ်ပုံသည် ကိုရီးယားနှင့် တရုတ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

■ အကောင်းဆုံးဇာတ်ကားဆုကို မှားယွင်းကြေညာခဲ့သည့် ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲ

အော်စကာဆုပေးပွဲတွင် La La Land ဇာတ်ကားထုတ်လုပ်သူများက ဆုလက်ခံစကားပြောကြားနေစဉ်

၂၀၁၇ ခုနှစ် ဖေဖော်ရီဝါ ၂၆ ရက်ကကျင်းပခဲ့သည့် (၈၉) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဝါရင်းဘတ်တီနှင့် ဖေးဒန်နဝေးတို့က အကောင်းဆုံးဇာတ်ကားဆုကို မှားယွင်းကြေညာမှုက အော်စကာဆုသမိုင်းတစ်လျှောက်တွင် ကမောက်ကမဖြစ်စဉ်တစ်ခုအဖြစ် သမိုင်းတွင်ခဲ့သည်။

La La Land ကို အကောင်းဆုံးဇာတ်ကားအဖြစ် ကြေညာခဲ့ပြီးနောက် ထုတ်လုပ်သူဂျော်ဒန်ဟိုရိုဝစ်ဇ်က ဆုလက်ခံစကားပြောဆိုနေစဉ် စင်မြင့်ထက်တွင် ရုတ်ရုတ်သဲသဲအခြေအနေဖြစ်ခဲ့ပြီး အမှန်တကယ် အကောင်းဆုံးဇာတ်ကားဆုကို Moonlight က ရရှိခဲ့သည်ဟု ပြန်လည်ကြေညာခဲ့ရသည်။ အံ့အားသင့်တုန်လှုပ်မှုဖြစ်သွားချိန်တွင် La La Land ဇာတ်ကားမှ သရုပ်ဆောင်များက စင်ပေါ်မှဆင်းလာခဲ့ပြီး Moonlight အဖွဲ့သားများက စင်မြင့်ပေါ်တက်လာခဲ့သည်။ (၈၉) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဂီတဇာတ်မြူးဇာတ်ကား La La Land က အကောင်းဆုံးဇာတ်ကားဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု၊ ရုပ်ရှင်အတတ်ပညာရှင်ဆုအပါအဝင် ဆုခြောက်ဆု ဆွတ်ခူးခဲ့သည်။

■ ဗြိတိန်တော်ဝင်မိသားစု၏ မင်္ဂလာသတင်းများ

ဗြိတိန်တော်ဝင်မင်းသား ဟာရီနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့ စေ့စပ်လိုက်ပြီး မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်ရှိ စိန့်ဂျော့ချ်ဝတ်ပြုဆုတောင်းခန်းမ၌ မေ ၁၉ ရက်တွင်ကျင်းပမည်ဟု ကင်ဆင်တန်နန်းတော်က ထုတ်ပြန်ခဲ့သည်။

လက်ထပ်ခွင့်ကို ကင်ဆင်တန်နန်းတော်တွင် တောင်းဆိုခံခဲ့ရသည်ဟု စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုခဲ့သည့်နေ့တွင် ဟာရီနှင့် မက်ခယ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

ဝီလျံမင်းသား၏ ကြင်ရာတော် ကိတ်မစ်ဒယ်တန်တွင် တတိယမြောက်ကိုယ်ဝန်လွယ်ထားရပြီဟု နန်းတော်က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

■ ဖျော်ဖြေပွဲများ တိုက်ခိုက်ခံရမှု

လူ ၂၁,၀၀၀ ဆံ့သည့် မန်ချက်စတာအားကစားကွင်း၌ မေ ၂၂ ရက်ကပြုလုပ်ခဲ့သည့် အမေရိကန် လူငယ်အဆိုတော် အရီယားနားဂရန်ဒီ၏ ဖျော်ဖြေပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် ၂၂ ဦးသေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်က ထိတ်လန့်တုန်လှုပ်မှုဖြစ်စေခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ငါးလခန့်အကြာ အောက်တိုဘာ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု လပ်စ်ဗီးဂတ်၌ပြုလုပ်ခဲ့သည့် ကန်းထရီးဂီတပွဲတော်တွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုတော် ဂျေဆန်အယ်လ်ဒင်း ဖျော်ဖြေနေစဉ် သေနတ်သမားတစ်ဦးက ၎င်းတည်းခိုသည့် လပ်စ်ဗီးဂတ်ရှိ ဟိုတယ်ခန်းမှ ဂီတပွဲတော်ကျင်းပသည့်နေရာသို့ သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့မှုကြောင့် လူ ၅၉ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းပစ်ခတ်မှုသည် အမေရိကန်သမိုင်းတွင် သေဆုံးမှုအများဆုံး ပစ်ခတ်မှုဖြစ်ခဲ့သည်။

■ အထင်ကရထုတ်လုပ်သူဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံ

အထင်ကရထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့သည်ဟု ‘အေ’ စာရင်းဝင်သရုပ်ဆောင်များအပါအဝင် ဒါဇင်နှင့်ချီသည့် အမျိုးသမီးများက အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ထုတ်ဖော်ပြောကြားမှုကြောင့် ဟောလိဝုဒ်တွင် အံ့သြတုန်လှုပ်ခဲ့ကြသည်။ အင်ဂျလီနာဂျိုလီ၊ ဂွီးနက်ပတ်ထရိုး၊ အက်ရှ်လေဂျုဒ်၊ လူပီတာညောင်အိုနှင့် သရုပ်ဆောင်များစွာက ၎င်းတို့သည် ဝိန်းစတိန်း၏ ချဉ်းကပ်ခြင်းကို ကြုံတွေ့ခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

သရုပ်ဆောင်ရို့စ်မက်ဂိုဝန်က ဝိန်းစတိန်းသည် မိမိကိုမုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အောက်တိုဘာလလယ်တွင် ဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဖွင့်ဟသည့် #Me Too လှုပ်ရှားမှုက လူမှုမီဒီယာတွင် လွှမ်းမိုးခဲ့သည်။ အဆိုပါအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ဝိန်းစတိန်းသည် Weinstein ကုမ္ပဏီမှထုတ်ပယ်ခံခဲ့ရသည်။ ဝိန်းစတိန်း၏ ဇနီးဖြစ်သူကလည်း ကွာရှင်းခွင့်တောင်းဆိုခဲ့သည်။ ဝိန်းစတိန်းက ဆိုးရွားသည့်အပြုအမူအချို့ကို ကနဦးတွင် ဝန်ခံခဲ့သော်လည်း ၎င်း၏ရှေ့နေများက ဖြစ်စဉ်တိုင်းသည် နှစ်ဦးနှစ်ဖက် သဘောတူသောဖြစ်စဉ်များဟု အခိုင်အမာပြောကြားခဲ့သည်။ လက်ရှိတွင် ဝိန်းစတိန်းကိုစွပ်စွဲထားသည့် အမျိုးသမီး ၁၀၀ ကျော်ရှိလာခဲ့ပြီး တရားစွဲဆိုမှုနှစ်ခု ရှိလာပြီဖြစ်သည်။

Most Read

Most Recent