ထူးခြားသည့်ဆိုဟန်ဖြင့် ဂီတချစ်သူများကြားတွင် ရေပန်းစားခဲ့သူ လူငယ်တေးသံရှင် Mary

ထူးခြားသည့်ဆိုဟန်ဖြင့် ဂီတချစ်သူများကြားတွင် ရေပန်းစားခဲ့သူ လူငယ်တေးသံရှင် Mary
Published 25 December 2017

အွန်လိုင်းအသုံးပြုကာ တေးသီချင်းနားဆင်သူ ဂီတပရိသတ်များကြားတွင် ၂၀၁၇ ခုနှစ်အတွင်း ရေပန်းအစားဆုံး လူငယ်တေးသံရှင်တစ်ဦးမှာ Mary ဖြစ်သည်။ ‘ဝဲ’ နှင့် ‘Mask’ ဟု အမည်ပေးထားသည့် တေးသီချင်းနှစ်ပုဒ်အား ထူးခြားသည့်ဆိုဟန်ဖြင့် သီဆိုမှုကို နားဆင်ခံစားရပြီးနောက် ပရိသတ်စိတ်ဝင်စားအားပေးမှု အများအပြားရရှိခဲ့သူ လူငယ်တေးသံရှင် Mary အား ယခုနှစ်အတွင်း ထင်ရှားသည့် မျက်နှာသစ်လူငယ် တေးသံရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

တေးသံရှင် Mary သည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာလူငယ်တေး သံရှင်တစ်ဦးဖြစ်ပြီး ထူးခြားသည့်အသံ၊ ကိုယ်ပိုင်ဟန်တို့ဖြင့် သီဆိုထားသည့် ‘ဝဲ’ တေးသီချင်းကို အွန်လိုင်းတွင် စတင်လွှင့်တင်စဉ်ကတည်းကပင် ပရိသတ်စိတ်ဝင်စားအားပေးမှု များပြားစေခဲ့ခြင်းဖြစ်သည်။ အလားတူ ဝေဖန်တိုက်ခိုက်မှုအချို့လည်း ကြုံတွေ့ရသဖြင့် တေးသံရှင် Mary သည် Facebook Account အား ခဏတာ de Activate လုပ်ပြီးနောက် တစ်ကျော့ပြန်လှုပ်ရှားမှုအဖြစ် ‘Mask’တေးသီချင်းသစ်အား အွန်လိုင်းတွင် လွှင့်တင်ခဲ့ရာ၌လည်း ပရိသတ်အားပေးမှု ထပ်မံရရှိခဲ့သည်။ ထို့နောက် တေးသံရှင် Mary သည် မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ပြန်လည်ရောက်ရှိလာခဲ့ကာ ပရိသတ်များနှင့်တွေ့ဆုံခဲ့ပြီး ဂီတဖန်တီးမှုများနှင့်ပတ်သက်၍လည်း မီဒီယာများအား ရှင်းလင်းခဲ့သည်။ တေးသံရှင် Mary သည် တေးသံရှင်ကျားပေါက်နှင့် ပူးပေါင်း၍ ဂီတဖန်တီးမှုကိုပြုလုပ်ခဲ့ရာ၌လည်း ပရိသတ် နှစ်သက်အားပေးခဲ့ကြပြန်သည်။ တေးသံရှင် Maryသည် ဂီတဖျော်ဖြေပွဲအချို့တွင် ပါဝင်ဖျော်ဖြေခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် ကျောင်း ဆက်လက်တက်ရောက်ရန် ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

‘‘ဂီတကို ဝါသနာပါပေမယ့် ပထမတော့ လုပ်ဖို့အစီအစဉ် မရှိဘူး။ ဝဲသီချင်းလေး စလုပ်ဖြစ်တဲ့အခါ ပရိသတ်အားပေးမှုရလာတဲ့အတွက် စိတ်ကလည်း ပိုပြီးခိုင်မာလာပြီး လုပ်မယ်ဆိုပြီး စိတ်ဆုံးဖြတ်ဖြစ်သွားတာ။ ဆိုဟန်ထူးခြားတယ်ဆိုတာကလည်း သက်သက်ကြီး လုပ်တာမဟုတ်ဘဲ ကိုယ်ခံစားတတ်တဲ့ ပုံစံကိုက အေးအေးဆေးဆေးပဲ ခံစားတတ်တာဆိုတော့ အဲဒီဟန်အတိုင်းပဲ ပြန်ဆိုဖြစ်တာပါ။ မေရီနှစ်သက်တဲ့ Cover Songs လေးတွေဆိုလည်း ဒီပုံစံပဲ ဆိုဖြစ်သလို  ကိုယ်တိုင်ရေးဖြစ်တဲ့ သီချင်းတွေကိုလည်း ဒီပုံစံအတိုင်းပဲ အေးအေးဆေးဆေးဆိုဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးတဲ့အတွက်တော့ သီချင်းတွေအများကြီး ထပ်လုပ်ချင် ပါတယ်။ ကိုယ်တိုင်ရေးဖြစ်တာတွေလည်း ပါမှာဖြစ်သလို တခြားသီချင်းရေးဆရာတွေနဲ့လည်း အလုပ်အတူ ပူးပေါင်းလုပ်ချင်တယ်’’ဟု တေးသံရှင် Mary က ဆိုသည်။

တေးသံရှင် Mary သည် လတ်တလောတွင် ဂျပန်နိုင်ငံ၌ ရောက်ရှိနေထိုင်လျက်ရှိပြီး ခရစ်စမတ်ကာလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။ လတ်တလော ဂီတလှုပ်ရှားမှုအဖြစ် မျက်နှာများတဲ့မောင် တေးသီချင်းအား Cover Songs ပြန်လည်သီဆို လွှင့်တင်ခဲ့ရာ၌လည်း ပရိသတ်အားပေးမှုများပြားခဲ့သည်။ Mary သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အနုပညာလှုပ်ရှားမှုအချို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

Most Read

Most Recent