ပရိသတ်များ၏ စိတ်ဝင်စားမှုရရှိခဲ့သည့် သရုပ်ဆောင်ရဲတိုက်၏ ထောင်မှအပြန်

ပရိသတ်များ၏ စိတ်ဝင်စားမှုရရှိခဲ့သည့် သရုပ်ဆောင်ရဲတိုက်၏ ထောင်မှအပြန်
Published 25 December 2017

၂၀၁၇ ခုနှစ်အတွင်းတွင် အနုပညာလောကအတွင်း ပရိသတ်စိတ်ဝင်စားမှု အများဆုံးဖြစ်ရပ်များအနက် သရုပ်ဆောင်ရဲတိုက်အကျဉ်းကျခံနေရမှုမှ ပြန်လည်လွတ်မြောက်လာခြင်းအား ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ်ရွေးချယ် ဖော်ပြအပ်ပါသည်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သာသနာ ညှိုးနွမ်းစေမှု တို့ဖြင့် ဖမ်းဆီးအကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်လာတော့မည်ဟူသည့် သတင်းမှာ ၂၀၀၇ နှစ်စပိုင်းကတည်းကပင် မကြာခဏကြားခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်တွင် တောင်ငူအကျဉ်းထောင်မှ အမှန်တကယ် လွတ်မြောက်လာခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ ပရိသတ်များက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေး၏ စင်တင်မင်းသားတစ်ဦးဖြစ်ပြီး ပီပြင်သည့်အမူအရာ၊ စွဲမက်ဖွယ်ဟန်ပန်၊ စူးရှသည့်အကြည့်တို့ဖြင့် ပရိသတ် အခိုင်အမာ ရယူထားနိုင်သည့် သရုပ်ဆောင်ရဲတိုက်သည် ပရိသတ်နှစ်သက်အားပေးသည့် ဇာတ်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ရဲတိုက် ဖောင်ဒေးရှင်းအဖြစ် တည်ထောင်ကာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး NLD ပါတီဝင်တစ်ဦးအနေဖြင့် ကျရာတာဝန်အချို့ကို အစောပိုင်းကာလများကတည်းက ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ သရုပ်ဆောင်ရဲတိုက်သည် အနုပညာအင်အားကောင်းစွာဖြင့် ပရိသတ်အခိုင်အမာ ရရှိနေချိန်တွင်ပင် ဆေးခြောက်တစ်ကျပ်သား လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီးနောက် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ သာသနာညှိုးနွမ်းစေမှုများဖြင့် ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။ သရုပ်ဆောင်ရဲတိုက် စတင်အပြစ်ပေး အကျဉ်းချခံရစဉ်ကတည်းကပင် ပြန်လည်လွတ်မြောက်လာစေရန်အတွက် အနုပညာရှင်များနှင့် ပရိသတ်များက ဝိုင်းဝန်းဆန္ဒပြု ဆုတောင်းခဲ့ကြသော်လည်း အချိန်လေးနှစ်ကျော်ခန့် အကျဉ်းချခံခဲ့ရသည်။

သရုပ်ဆောင်ရဲတိုက် အကျဉ်းထောင်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ပြန် လည်လွတ်မြောက်လာချိန်တွင် ဆာတိုရီ ထုတ်လုပ်ရေးအဖွဲ့သားများ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဓာတ်ပုံ ဉာဏနှင့် ရဲတိုက်၏ ဖခင်ဖြစ်သူတို့ကသွားရောက်ကြိုဆိုခဲ့သည့်အပြင် မီဒီယာအများအပြားကလည်း သွားရောက် စောင့်ဆိုင်း မေးမြန်းခဲ့ကြသည်။ ထို့အပြင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာချိန်တွင်လည်း မီဒီယာအများအပြားက စောင့်ကြိုမေးမြန်းခဲ့ကြပြီး အွန်လိုင်းမှတစ်ဆင့်၊ ရုပ်သံလိုင်းများမှတစ်ဆင့် တင်ဆက်ခဲ့ရာ  ပရိသတ်အများအပြား အားပေးကြည့်ရှုခဲ့ကြသည်။

သရုပ်ဆောင်ရဲတိုက်သည် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ဆန္ဒပြင်းပြကာ ခေတ္တအနားယူမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိတွင်မူ ပရိသတ်များ၏ဆန္ဒအရ အနားမယူတော့ဘဲ အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်တော့မည်ဟု ပရိသတ်များထံ အသိပေးထားသည်။ ၎င်း၏ပထမဆုံး အနုပညာလှုပ်ရှားမှုအဖြစ် သရုပ်ဆောင်နေမင်း၊ ခင်ဝင့်ဝါတို့နှင့်အတူ မြိတ်ကျွန်းစုနှင့် ကော့သောင်းတို့တွင် ခရီးသွားအစီအစဉ် သွားရောက်ရိုက်ကူးခဲ့ပြီးဖြစ်သည်။ ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး၊ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးတို့နှင့် ပူးပေါင်းကာ ဇာတ်ကားရိုက်ကူးမှုပြုလုပ်ရန် စီစဉ်ထားပြီး တစ်ချိန်က ထင်ရှားခဲ့သည့် ‘ရင်ခွင်နန်းတော်’ ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရသည်။ သရုပ်ဆောင်ရဲတိုက်သည် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူခဲ့ရသော်လည်း လက်ရှိအချိန်တွင်မူ ကျန်းမာနေပြီဖြစ်ကြောင်း ပရိသတ်များအား ပြောကြားခဲ့သည်။

ရဲတိုက်သည်လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာဖြင့် ရပ်တည်နိုင်ဆဲ အနုပညာရှင်တစ်ဦးဖြစ်သည်။

Most Read

Most Recent