ဗိုလ်အောင်ဒင်နှင့် ပရိသတ်ကို ခပ်ကြမ်းကြမ်း သိမ်းပိုက်နိုင်ခဲ့သူ တေးသံရှင်မနော

ဗိုလ်အောင်ဒင်နှင့် ပရိသတ်ကို ခပ်ကြမ်းကြမ်း သိမ်းပိုက်နိုင်ခဲ့သူ တေးသံရှင်မနော
Published 25 December 2017

(ဓာတ်ပုံ - မနော Facebook)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ အကြားရဆုံးတေးသီချင်းမှာ ဗိုလ်အောင်ဒင်လို လူကြမ်း တေးသီချင်းပင် ဖြစ်သည်။ အလှူမင်္ဂလာပွဲများ၊ အလှူခံများအပါအဝင် ကျေးလက် ဒေသများသာမက မြို့ကြီးများတွင်ပါ အကြားရဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်သည့် ဗိုလ်အောင်ဒင်လို လူကြမ်း တေးသီချင်း၏ ပိုင်ရှင် တေးသံရှင်မနောအား ယခုနှစ်အတွင်း ထင်ရှားသည့် အနုပညာရှင် တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ ဗိုလ်အောင်ဒင်လို လူကြမ်းတေးသီချင်းမှာ တေးသံရှင်မနော၏ ချမ်းမြေ့ပါစေအမေ တေးအယ်လ်ဘမ်တွင် ပါဝင်ထားသည့် တေးသီချင်းတစ်ပုဒ်ဖြစ်သည်။

တေးသံရှင်မနောသည် စတီရီယိုတေးသီချင်းများနှင့် ဂီတလောကအတွင်း စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး တေးရေး သဟာအောင် ရေးသားသည့် မြန်မာသံစဉ် တေးသီချင်းများအား သီဆိုခြင်းမှအစပြုကာ ပရိသတ်အခိုင်အမာရရှိခဲ့ခြင်းဖြစ်သည်။ တေးသံရှင်မနောသီဆိုသည့် 'ဗိုလ်အောင်ဒင်' တေးသီချင်းသည် မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ အကြားရဆုံးတေးသီ ချင်းတစ်ပုဒ်အဖြစ် ရပ်တည်ခဲ့ကာ ‘မိချော’၊ ‘ကျွန်တော်တို့ရွာ’ ၊ ‘ကြာဖြူ’၊ ‘သနပ်ခါးလေးနဲ့ မောင့်ချစ်သူ’ စသည့် အခြားသော တေး သီချင်းများစွာကိုလည်း ပရိသတ်လက်ခံအားပေးခဲ့ကြသည်။ တေးသံရှင်မနောသည် ဖျော်ဖြေပွဲပေါင်းများစွာကို လက်ခံဖျော်ဖြေခွင့်ရရှိသည်အထိ အောင်မြင်ခဲ့သည်။

‘‘ကျွန်တော်က ဂီတကိုဝါသနာပါလို့ ဒီလမ်းကြောင်းပေါ်ရောက်လာခဲ့တာပါ။ ပထမတော့ ကိုလှိုင်ဦးမော်တို့နဲ့တွဲပြီး အခွေအရင်လုပ်ဖြစ်တယ်။ စတီရီယိုသီချင်းတွေပေါ့။ အဲဒီမှာလည်း ကျွန်တော့်အသံနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေဆိုဖြစ်တယ်။ တချို့သီချင်းတွေ ပရိသတ် အနည်းငယ်သိတယ်ပေါ့။ နောက်တော့ ကိုသဟာအောင်ရေးတဲ့ မြန်မာသံစဉ် သီချင်းတွေကိုတွေ့ တဲ့အခါလည်း ကျွန်တော်ခံစားပြီး သီဆိုဖြစ်တယ်။ ဒါက ပရိသတ်တွေကြားထဲ ရောက်သွားပြီး လက်ခံအားပေးတဲ့အခါ ဝမ်းသာရပါတယ်။ မြန်မာသံစဉ် သီချင်းကိုရော စတီရီယိုသီချင်းကိုပါ နှစ်မျိုးစလုံးကိုတော့ ဆက်ပြီးဆိုသွားမှာပါ။ ဗိုလ်အောင်ဒင်သီချင်းကလည်း အဲဒီ မြန်မာသံစဉ်အခွေလုပ်တုန်းက ပါဝင်ခဲ့တဲ့ သီချင်းပါပဲ။ ဒီသီချင်းက ဒီလောက်အထိပျံ့နှံ့သွားတဲ့အခါ ကျွန်တော်လည်း အံ့သြဝမ်းသာဖြစ်ရပါတယ်။ နေရာတိုင်းမှာဖွင့်ကြလွန်းလို့ ကျွန်တော် ကိုယ်တိုင်တောင် နားညည်းမိတဲ့အထိပါပဲ။ ဘာပဲဖြစ်ဖြစ် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်အားပေးမှုကြောင့်လည်း ကျွန်တော်ရပ်တည်နိုင်တာပါ။ ဆက်လက်ပြီးတော့လည်း ကြိုးစားသွားပါမယ်’’ဟု တေးသံရှင်မနောက ဆိုသည်။

တေးသံရှင်မနောသည် လက်ရှိတွင် တေးသီချင်းအသစ်များ ဖန်တီးလျက်ရှိပြီး မြန်မာသံစဉ်သီချင်းအသစ်များသာမက စတီရီယိုတေးသီချင်းအသစ်များကိုပါ ဖန်တီးထွက်ရှိသွား မည်ဖြစ်ကြောင်း သိရသည်။ မနောသည် မြို့ကြီးအများအပြား၌ လှည့်လည်ဖျော်ဖြေခွင့်ရရှိကာ ၂၀၁၈ ခုနှစ် အတွင်းတွင် ဖျော်ဖြေပွဲများ လက်ခံထားကြောင်း သိရသည်။ တေးသံရှင်မနော၏ ‘ဗိုလ်အောင်ဒင်’ သီချင်းမှာမူ လက်ရှိအချိန်ထိ အလှူမင်္ဂလာပွဲများနှင့် အလှူခံမဏ္ဍပ်များတွင် မပါအဖြစ် သီချင်းတစ်ပုဒ်အဖြစ် ရပ်တည်နေဆဲပင်ဖြစ်သည်။ လတ်တလောတွင် တေးရေးသဟာအောင် ရေးသားသည့် တေးသီချင်း အသစ ်တချို့အား တေးသံရှင်မနော သီဆိုထွက်ရှိရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent