ရုပ်ရှင်ချစ်ပရိသတ်များ၏ရင်ကို စူးနစ်စေခဲ့သည့် ရင်ဘတ်ထဲကဓား

ရုပ်ရှင်ချစ်ပရိသတ်များ၏ရင်ကို စူးနစ်စေခဲ့သည့် ရင်ဘတ်ထဲကဓား
Published 25 December 2017

မြန်မာရုပ်ရှင်ဇာတ်ကားများအား ပရိသတ်စိတ်ဝင်စား အားပေးမှုများပြားလာသည့်အနက် ယခုနှစ်အတွင်းတွင် ရုပ်ရှင်ချစ်ပရိသတ်များ စံချိန်တင်အားပေးမှုကိုရရှိခဲ့သည့် 'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားကို ထင်ရှားသည့် အနုပညာဖန်တီးမှုတစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ စာရေးဆရာမ လမင်းမိုမို၏ 'အမှောင်ထဲမှာ' လုံးချင်းဝတ္ထုအား အကယ်ဒမီဒါရိုက်တာဝိုင်းက ပုံဖော်ထားခြင်းဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်၊ အကယ်ဒမီခင်မို့မိုအေး၊ မေကဗျာနှင့် အနုပညာရှင်များစွာတို့ ပါဝင်ထားခြင်းဖြစ်သည်။

'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားတွင် ဖခင်ဖြစ်သူအား သတ်လိုက်သည်ကို မြင်တွေ့ခဲ့ရသည့် မိခင်ဖြစ်သူကို ကလေးဘဝတည်းကပင ်စိတ်နာကာ မိမိကိုယ်ကိုယ် ရပ်တည်နိုင်ရန်ကြိုးစားလာခဲ့သူ လရိပ်ဝေးမှာ မိမိကိုယ်ကိုယ် ရပ်တည်နိုင်လာချိန်တွင် ချစ်သူ ဆေးကျောင်းသား သီဟနိုင်နှင့် လက်ထပ်ရန်ပြင်ဆင်ပုံ၊ ယင်းအချိန်တွင် ထောင်မှ လွတ်လာသည့် မိခင်ဖြစ်သူအား စိမ်းကားစွာပင် ကြိုဆိုခဲ့ပြီးနောက် အိမ်ထောင်ပြုပြီးချိန်တွင်လည်း တစ်အိမ်စီသာ နေခဲ့ပုံ၊  အိမ်ထောင်တစ်ခုကို ပြီးပြည့်စုံအောင် တည်ဆောက်ချင်သည့် လရိပ်ဝေး၏အိမ်ထောင်ဖက်မှာ ကလေးဆန်ကာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ပျော့ညံ့တွေဝေသူတစ်ဦး ဖြစ်နေသည့်အပြင် ယောင်းမနှင့် ယောက္ခမတို့၏ သွေးထိုးမှုများကြောင့် တစ်ဦးနှင့်တစ်ဦး ဝေးကွာလာခဲ့ပုံ၊ အိမ်ထောင်ဖက် သီဟနိုင်၏ ဖောက်ပြန်မှုကို သိရှိလာပြီးနောက် ရွံရှာမုန်းတီးသော်လည်း မိမိရင်သွေးလေး၏မျက်နှာဖြင့် ခွင့်လွှတ်နိုင်ရန် ကြိုးပမ်းရပုံတို့ကို ပုံဖော်ထားကာ အိမ်ထောင်တစ်ခု တည်ထောင်ပြီးချိန်တွင် သာယာလှပစေလိုသော်လည်း မျှော်လင့်သည်နှင့် လွဲချော်သည့်အခါ အမျိုးသမီးတစ်ဦး၏ ခံစားချက်၊ မိမိအိမ်ထောင်ဖက်ထံမှ အထင်ကြီးလေးစားမှုကိုမရဘဲ အတွင်းစိတ် သိမ်ငယ်မှုဖြင့် အမှားများစွာ ကျူးလွန်သူ အမျိုးသား၏ခံစားချက်၊ မိမိဒေါသကြောင့် ခင်ပွန်းဖြစ်သူကို သတ်မိသည့် အပြစ်အတွက် သမီးဖြစ်သူ၏ အမုန်းကိုရခဲ့သည့် မိခင်တစ်ဦး၏ကြေကွဲမှုများအား သရုပ်ဆောင်တစ်ဦးချင်းက ပီပြင်စွာပုံဖော်ထားခြင်းဖြစ်သည်။ 'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားမှာ အမျိုးသမီးပရိသတ်အများစု နှစ်သက်အားပေးခဲ့ကြသည့် ဇာတ်ကားဖြစ်ပြီး အဓိက ဇာတ်ဆောင်နှစ်ဦးဖြစ်သည့် အကယ်ဒမီ ပြေတီဦးနှင့် အကယ်ဒမီအိန္ဒြာကျော်ဇင်တို့အတွက် အကယ်ဒမီ ရေပန်းစားနေသည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။

အကယ်ဒမီအိန္ဒြာကျော်ဇင်က “ဒီဇာတ်ကားက လုပ်ကွက်လည်း တော်တော်လေးရသလို ကိုယ်တိုင်လည်း အားရတဲ့ဇာတ်ကားတစ်ကားပေါ့။ သူ့ဇာတ်ရုပ်က လုပ်ရတာလည်း တော်တော်ခက်တယ်။ စိတ်ထဲက ခံစားမှုတွေအားလုံးကို ပေါ်လွင်အောင်ကြိုးစားရတာပေါ့။ တော်တော်ကြီးကိုကျေနပ်တဲ့ ဇာတ်ကားပါ။ ပရိသတ်တွေက အကယ်ဒမီရစေချင်တယ်လို့ ပြောကြတဲ့အတွက်လည်း ပျော်ပါတယ်။ ကိုယ်တိုင်ကတော့ တကယ်ရပြီဆိုမှပဲ ပျော်နိုင်မှာပါ”ဟု ဆိုသည်။

'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားသည် စတင်ရုံတင်ပြသစဉ်ကတည်းကပင် ပွဲစဉ်တိုင်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံခဲ့ရပြီး ရုပ်ရှင်ရုံအချို့တွင် ပွဲစဉ်များ ထပ်တိုးပြသရသည်အထိ ပရိသတ်အားပေးမှု များပြားခဲ့သည်။ 'ရင်ဘတ်ထဲက ဓား' ရုပ်ရှင်ဇာတ်ကားကို နှစ်သက်အားပေးခဲ့သည့် ပရိသတ်များအနေဖြင့် ၂၀၁၈ မတ်လတွင်ပြုလုပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဆုဘယ်နှဆု အရယူနိုင်မည်ကိုလည်း ကြိုတင်ခန့်မှန်း ရင်ခုန်လျက်ရှိသည်။

Most Read

Most Recent