ဂျင်းကောင်စကားလုံးကို လူအများကြား တွင်ကျယ်စေခဲ့သူ သရုပ်ဆောင် မြင့်မြတ်

ဂျင်းကောင်စကားလုံးကို လူအများကြား တွင်ကျယ်စေခဲ့သူ သရုပ်ဆောင် မြင့်မြတ်
Published 25 December 2017

ယခုနှစ်အတွင်း လူကြီးလူငယ်များကြားတွင် ရေပန်းအစားဆုံး စကားလုံးတစ်ခုဖြစ်သော ဂျင်းကောင်ဟူသည့် စကားလုံးနှင့်တွဲဖက်ကာ ပရိသတ်နှစ်သက် အားပေးမှုအများအပြားရရှိခဲ့သူ သရုပ်ဆောင်မြင့်မြတ်အား ၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသည့် အမျိုးသားသရုပ်ဆောင်တစ်ဦးအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။

ဒါရိုက်တာကိုပေါက်ရိုက်ကူးသည့် 'ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ' ဗီဒီယိုဇာတ်ကားတွင် ထူးခြားသည့် ကိုယ်ပိုင်ဟန်တစ်မျိုးဖြင့်ပါဝင်ခဲ့ကာ ဂျင်းကောင်ဆိုသည့် စကားလုံးအား ပရိသတ်များကို ရင်းနှီးသဘောကျစေခဲ့သူမှာ သရုပ်ဆောင် မြင့်မြတ်ဖြစ်သည်။ ယင်းဇာတ်ကားတွင် သရုပ်ဆောင် ပိုင်ဖြိုးသုနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စကားပြောသည့်ဟန်ပန်၊ အသံတို့မှအစ ပြောင်းလဲကာ ဇာတ်ရုပ်အောင်ဒင်အဖြစ် ပီပြင်စွာပြောင်းလဲပုံဖော်ခဲ့ပြီး ဂျင်းကောင်ဟူသည့် စကားလုံးအား ပရိသတ်များအားလုံး သဘောကျနှစ်သက်စေသည်အထိ အမူအရာပီပြင်ခဲ့သူလည်းဖြစ်သည်။ ယင်းဇာတ်ကားမှာ ပရိသတ်အားပေးကြည့်ရှုမှုနှုန်း များပြားခဲ့သည့်အပြင် အွန်လိုင်းအသုံးပြုသူများကြားတွင်လည်း ဂျင်းကောင်စကားလုံးမှာ အသုံးပြုမှု တွင်ကျယ်ပျံ့နှံ့ခဲ့သည်။ ထို့ပြင် ဂျင်းကောင်ဟူသည့် စကားလုံးအား ရိုက်နှိပ်ထားသည့် တီရှပ်များ၊ အသုံးအဆောင်ပစ္စည်းများ ရောင်းချသည်အထိ လူထုကြားတွင် ပျံ့နှံ့စေခဲ့သည်။

“ဂျင်းကောင်ဆိုတဲ့ စကားလုံးက အရမ်းပျံ့နှံ့သွားသလို ဗိုလ်အောင်ဒင်ချစ်သော မိန်းမများဇာတ်ကားကလည်း ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့အားလုံး ကြိုးစားရကျိုးနပ်တာပေါ့။ အဓိကတော့ ဇာတ်ကောင်စရိုက်တစ်ခုအနေနဲ့ ကြိုးစားပြီးဖန်တီးခဲ့တာပါ။ ဒီလောက်အထိ ပရိသတ်တွေ ကျေနပ်အားပေးကြမယ်လို့ မမျှော်လင့်ထားဘူး။ အခုတော့ ဝမ်းသာရပါတယ်။ နောက်ထပ် အနုပညာဖန်တီးမှုတွေအတွက် ခွန်အားတွေလည်း ရစေပါတယ်။ ဂျင်းကောင်ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့တော့ စီစဉ်ထားတယ်။ ဇန်နဝါရီလထဲမှာ ရိုက်မှာပါ။ လောလောဆယ်တော့ ဇာတ်အတွက် အားလုံးပေါင်းပြီး စဉ်းစားနေကြတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးတင်ဆက်နိုင်ဖို့လည်း ကြိုးစားသွားမှာပါ”ဟု သရုပ်ဆောင် မြင့်မြတ်က ဆိုသည်။

သရုပ်ဆောင်မြင့်မြတ်သည် 'ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ' ဇာတ်ကားတွင် မြင်တွေ့နေကျဟန်ပန်နှင့် ကွဲပြားသည့် သရုပ်ဆောင်မှုများဖြင့် ပရိသတ်လက်ခံအားပေးမှုကို ရရှိစေခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent