နှုတ်ခမ်းနီမလေးများ၏ရင်ကို စွဲကိုင်လှုပ်ခဲ့သော မိုရီဆာကီဝင်း

နှုတ်ခမ်းနီမလေးများ၏ရင်ကို စွဲကိုင်လှုပ်ခဲ့သော မိုရီဆာကီဝင်း
Published 25 December 2017

၂၀၁၇ ခုနှစ်ထဲမှာ မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူတစ်ဦးကတော့ မိုရီဆာကီဝင်းပါ။ မိုရီဆာကီဝင်းက ဂျပန်နိုင်ငံက အမျိုးသားပေါ့ပ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ဂျပန်နိုင်ငံအနုပညာလောကမှာ အောင်မြင်မှုတစ်ခုကိုရယူထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။ မိုရီဆာကီဝင်းကို မြန်မာပရိသတ်တွေကြားမှာ သိလာစေခဲ့တာကတော့ My Country My Home (ဇာတိမြေ) လို့ အမည်ပေးထားတဲ့ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံက အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပူးပေါင်းရိုက်ကူးမယ့် ဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်မယ်ဆိုတဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကနေတစ်ဆင့် သိလာစေခဲ့တာဖြစ်ပါတယ်။ အဲဒီ ဇာတ်ကား မိတ်ဆက်ပွဲမတိုင်ခင်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေးဖျော်ဖြေပွဲမှာလည်း Prizma X အဖွဲ့နဲ့အတူ မိုရီဆာကီဝင်းက မြန်မာနိုင်ငံမှာ ပထမဆုံးဖျော်ဖြေမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

My Country My Home (ဇာတိမြေ) ဇာတ်ကားက ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးရဲ့ မိသားစုဘဝနဲ့ ဖြတ်သန်းမှုတွေကို သူ့ရဲ့မျိုးဆက်အထိ ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဇာတ်ကားမှာ မိုရီဆာကီဝင်းကလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား လူငယ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

မြန်မာပရိသတ်တွေက အဝင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မိုရီဆာကီဝင်း ၁၀ နှစ်သားလောက်မှာ မိဘတွေရှိတဲ့ ဂျပန်ကိုထွက်ခွာသွားခဲ့ပါ။  ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေရင်း ၁၄ နှစ်သားလောက်မှာ အနုပညာအလုပ်တွေ စပြီးလုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Stardust Promotion မှာအရွေးခံရပြီး Prizma X အဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ J Pop လို့ခေါ်တဲ့ Prizma X အဖွဲ့မှာ မိုရီဆာကီဝင်းက သူကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေလည်း ဆိုဖြစ်ပြီး Prizma X အဖွဲ့ထဲကိုရောက်တာ ခြောက်နှစ်ကျော် အနုပညာသက်တမ်းအတွင်း ၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်မှာ တော့ Prizma X အဖွဲ့ရဲ့ ရှစ်ချပ်မြောက်အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။

မိုရီဆာကီဝင်းအနေနဲ့ ဂျပန်နိုင်ငံမှာ ဂီတအနုပညာအပြင် သရုပ်ဆောင် တစ်ဦးအနေနဲ့လည်း ဇာတ်ကားသုံးကားလောက် ရိုက်ကူးဖြစ်ခဲ့ပြီး ဇာတ်ကား အများစုက ကျောင်းသားဇာတ်လမ်းတွေဖြစ်ပြီး ဇာတ်ကားတစ်ကားမှာသာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။

My Country My Home (ဇာတိမြေ) ဇာတ်ကားကစတင်ပြီး မြန်မာအနုပညာရှင်တွေနဲ့ ဇာတ်ကားတွေ တွဲဖက်ရိုက်ကူးခဲ့သလို ဘဝတစ်စိတ်တစ်ပိုင်းကို ပုံဖော်ထားတဲ့ My Dream My Life ရုပ်သံဇာတ်လမ်းတွဲကိုလည်း MNTV ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။ မိုရီဆာကီဝင်းအနေနဲ့  နီနီခင်ဇော်၏ Good Kisser Music Video မှာလည်း ပါဝင်ထားပြီး အဲဒီ Music Video ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။

Most Read

Most Recent