သေဆုံးသူ ၄၀ နီးပါးရှိခဲ့သည့် ရာသီတုပ်ကွေး H1N1 ဂယက်

သေဆုံးသူ ၄၀ နီးပါးရှိခဲ့သည့် ရာသီတုပ်ကွေး H1N1 ဂယက်
Published 25 December 2017

ရန်ကုန်မြို့လယ်တွင် နှာခေါင်းစည်းတပ်လျက် သွားလာနေကြသူများအား တွေ့ရစဉ်

၂၀၁၇ ခုနှစ် ဇူလိုင်လ ဒုတိယပတ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများစုတွင် ရာသီတုပ်ကွေး ရောဂါ Seasonal Influenza A (H1N1) 2009 ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ဇူလိုင်လ မတိုင်မီကတည်းက ရောဂါဖြစ်ပွားမှုများ ရှိခဲ့သော်လည်း ဖြစ်ပွားနှုန်း၊ ကူးစက်ပျံ့နှံနှုန်း သိသိသာသာ မြင့်တက်မှု မရှိခြင်းကြောင့် လူထုကြား သတိပြုမှု နည်းပါးခဲ့သည်။ သို့သော် ဇူလိုင်လ ဒုတိယပတ်အတွင်း  ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဓာတ်ခွဲအတည်ပြုလူနာ ဖြစ်ပွားသူ ရန်ကုန်မြို့တွင် သုံးဦး၊ ချင်းပြည်နယ်၊ မတူပီမြို့တွင် ၁၀ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထိုသို့ အတည်ပြုချက် ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် လူနာနှစ်ဦး၊ ရန်ကုန်မြို့ အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် လူနာတစ်ဦးသည် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဖြင့် တက်ရောက်ကုသနေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုခံယူ လျက်ရှိသည် ဆိုသော သတင်းများ ထပ်မံထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ရာသီတုပ်ကွေး Seasonal Influenza A (H1N1) 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ထိုရှင်းလင်းပွဲတွင် ဝန်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါကု ဆေးရုံကြီးများတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် လူနာသုံးဦး စလုံးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ကြောင်းနှင့် သေဆုံးလူနာမှာ ချင်းပြည်နယ် မတူပီမြို့မှ လူနာတစ်ဦးဖြစ်ပြီး တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲ မပြုလုပ်မီ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်ပြီး သမားတော်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် နှီးနွှယ်ဌာန အသီးသီးမှ တာဝန်ရှိသူများဖြင့် ညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။

ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ကုသရေးဦးစီးဌာန အနေဖြင့်လည်း  ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ရာသီတုပ်ကွေး ဖြစ်ပွားသည့် လူနာများကို ထိထိရောက်ရောက် ကုသရန်နှင့် ပြင်းထန်ရောဂါ လက္ခဏာရှိသည့် လူနာများတွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) 2009 ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးရန် ညွှန်ကြားခဲ့သည်။ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၊ လေဆိပ်၊ ရေဆိပ်များတွင်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါပိုးကို ဂျပန်နိုင်ငံရှိ National Institute of Infections Disease ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးရာ (၁) ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ကြောင်း၊ (၂) ပုံမှန်ကုသသည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါကို ကုသသောဆေးများအား ၉၅ မှ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှုရှိကြောင်း၊ (၃) ကြက်ငှက်တုပ်ကွေး ရောဂါပိုးနှင့် မျိုးရိုးဗီဇ ပေါင်းစပ်မှု မရှိကြောင်း တွေ့ရှိခဲ့သည်ဟု သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင ်ရောဂါဖြစ်ပွားမှု၊ ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ ဆန်းစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ အများဆုံး တွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပိုးတွေ့လူနာ ဒုတိယအများဆုံးရှိကြောင်း၊ သေဆုံးမှုနှုန်းအရ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ဒသမ ၈ ရာခိုင်နှုန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၇ ရာခိုင်နှုန်းရှိခဲ့သည်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ အနေဖြင့် ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသခံယူရသူများအနက် သေဆုံးသည့်နှုန်းကို နေ့စဉ်ဆန်းစစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးများတွင် ပိုမိုသေဆုံးကြောင်း၊ သေဆုံးရသည့် အကြောင်းရင်းများအနက် ပြင်းထန်ရောဂါ လက္ခဏာများ ရှိသော်လည်း ဆေးရုံသို့နောက်ကျပြီး ရောက်လာခြင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်းအတွက် ဆေးယဉ်ပါးခြင်းတို့ကြောင့် သေဆုံးနှုန်း မြင့်မားခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်အထိ တစ်နိုင်ငံလုံး၌ H1N1 ပိုးတွေ့ရှိသူ ဦးရေ ၄၀၀၊ သေဆုံးသူဦး ရေ ၃၈ ဦးရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ရောဂါဖြစ်ပွားမှု စတင်ခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စက်တင်ဘာ ၂၆ ရက် အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၁၁၈၀ အနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၄၀၀ ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၂၆ ရက်အထိ တစ်နိုင်ငံလုံး၌ သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ခြောက်ဦးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၁ ဦး၊ စုစုပေါင်း ၃၈ ဦးရှိခဲ့ကြောင်းနှင့် H1N1 ပိုး တွေ့ရှိသော်လည်း ရာသီတုပ်ကွေး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါအခံများကြောင့် သေဆုံးသူ စုစုပေါင်း ၂၂ ဦးအထိ ရှိခဲ့သည့် အတွက် ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ပြန်လည်ဖော်ပြ အပ်ပါသည်။

 

Most Read

Most Recent